သရဲနီတို့အတွက် မျှော်လင့်ချက်ရေချိန်

ကျွန်တော် အခုနောက်ပိုင်း မန်ချက်စတာယူနိုက်တက်ရဲ့ ဘောလုံးပွဲတွေကို ကြည့်ရင် တော်တော်လေး စိတ်ပျက်မိသလို စိတ်မကောင်းလည်း ဖြစ်မိတယ်။

ကျွန်တော်တို့ 80’s kid တွေထဲက ဘောလုံးပွဲ ဝါသနာပါတဲ့သူတိုင်းကတော့ ယူနိုက်တက်နဲ့ တစ်နည်းမဟုတ်တစ်နည်း ပတ်သက်မှုသံယောဇဉ်တွေ ရှိခဲ့ကြမှာပါ။

ဒီလိုပဲ ကျွန်တော်လည်း မီဒီယာသမားတစ်ယောက်ဘ၀ မခံယူခင်တုန်းက ယူနိုက်တက်ရဲ့ ပရိသတ်တစ်ယောက် ဖြစ်ခဲ့ဖူးတယ်ဆိုတာ မကြာခဏ ဝန်ခံဖူးသလို ဒါကို ဖုံးကွယ်စရာအကြောင်းလည်း မရှိဘူးလေ။

မီဒီယာလောကထဲ ရောက်တော့မှ အစ်ကိုဆရာတွေရဲ့လမ်းညွှန်မှုနဲ့ အသင်းစွဲ၊ လူစွဲမရှိအောင် ကြိုးစားလေ့ကျင့်ပြီး ဘောလုံးပွဲသက်သက် အားပေးတဲ့သူ ဖြစ်လာခဲ့တာပါ။

ဒါပေမဲ့ အခုယူနိုက်တက်ရဲ့ အခြေအနေကို ကြည့်မိပြန်တော့ ရင်ထဲမကောင်းဘူး။ အရင်က ကျွန်တော်တို့ သဘောကျခဲ့တဲ့ ယူနိုက်တက်နဲ့ အခုမြင်နေတွေ့နေရတဲ့ ယူနိုက်တက်ကြားထဲမှာ ကွာဟမှုတွေ အများကြီး. . .။

အရင်တုန်းက ကျွန်တော်တို့ အထင်ကြီးလေးစားခဲ့တဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းရဲ့ အရှိန်အဝါကလည်း အခုအချိန်မှာ တန်းတက်အသင်းတွေကတောင် မလေးမစားလုပ်လို့ရအောင် အရှိန်အဝါ ကျဆင်းနေခဲ့ပြီ။

ချန်ပီယံဆုကို စိန်ခေါ်ဖို့မပြောနဲ့ ထိပ်ဆုံး(၄)သင်း စာရင်းဝင်ဖို့တောင် နပ်မမှန်တဲ့ အခြေအနေ။

ဖာဂူဆန်ကြီး လက်ထက်ကတည်းက ယူနိုက်တက်ကို တစိုက်မတ်မတ်အားပေးခဲ့တဲ့ ပရိသတ်တွေလည်း ဘောလုံးပွဲတစ်ခါကြည့်တိုင်း ‘တောက်ခေါက်ရလွန်းလို့ လျှာထိပ်တောင် အသားမာတက်တယ်’ လို့ ကျွန်တော်တို့ သူငယ်ချင်းတွေကြား နောက်ပြောင်ခဲ့တဲ့အတိုင်း . . .ဘယ်တော့ ယူနိုက်တက်ရဲ့အခြေအနေ ပြန်ကောင်းလာမလဲ . . . ဘယ်လောက်မျှော်လင့်ရမလဲ . . .

ဒီ Home Stay ကာလမှာ မိတ်ဆွေတစ်ယောက်နဲ့ ချိတ်ဆက်မိပြီး Page တစ်ခုမှာ သတင်းတင်ပေးဖို့ တာဝန်ယူထားတာကြောင့် နေ့တိုင်း ဘောလုံးသတင်းတွေနဲ့ နီးစပ်နေပြီး ဖတ်ဖြစ်နေတယ်။

ဟိုတစ်ပတ်ထဲမှာတော့ ယူနိုက်တက် ကစားသမားဟောင်းဖြစ်သလို အသင်းရဲ့ သံတမန်အဖြစ်လည်း တာဝန်ယူထားတဲ့ ပက်ထရစ်အီဗရာက ယူနိုက်တက်ရဲ့အပြောင်းအရွှေ့ပေါ်လစီနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တဲ့သတင်းကို ဖတ်လိုက်ပြီးတော့ တော်တော် စိတ်မကောင်းဖြစ်မိတယ်။

အီဗရာ ဘယ်လိုလူမျိုးလဲဆိုတာ ယူနိုက်တက်နဲ့ ပတ်သက်တဲ့သူတွေ နားလည်မှာပါ။ တော်ရုံတန်ရုံကိစ္စမျိုးမှာ ဝင်မပြောတတ်သလို တချို့ပြဿနာတွေကိုတောင် နောက်သလိုပြောင်သလိုနဲ့လျှောချတတ်သူပါ။

အခုသတင်းမှာ သူ တော်တော်လေး ထိန်းပြီးပြောတာတောင် တချို့ကိစ္စတွေရဲ့ အခြေအနေတွေကို မြင်နေရတယ်။ ဘောလုံးသတင်းတွေကို စိတ်ဝင်စားတဲ့လူတိုင်း ဒီသတင်းကို ဖတ်ဖြစ်ကြမယ်ဆိုတာ နားလည်လို့ အခုစာမှာ သူပြောတဲ့စကား အပြည့်အစုံကို မရေးပြတော့ဘူး။

တချို့အရေးပါတဲ့ အချက်အလက်တွေကိုပဲ ထုတ်နုတ်ဖော်ပြပါမယ်။

အီဗရာ အဓိကပြောချင်တဲ့ ပြဿနာက အသင် းCEO ဝုဒ်ဝပ်ရဲ့အနားမှာ ရှိနေတဲ့သူတွေထဲမှာ ယုံကြည်လို့မရတဲ့သူတွေ ပါနေတယ်ဆိုတဲ့အချက်။

CEO ဟာ ယုံရမယ့်လူကိုမယုံပဲ မယုံသင့်တဲ့လူကို ယုံနေတယ်ဆိုတဲ့ အချက် . . .

ဒီလိုလူတွေကြောင့် ယူနိုက်တက်က ကစားသမားဝယ်တိုင်း ပေါင်သန်း (၂၀)လောက် တန်တဲ့ကစားသမားကို သန်း(၁၀၀)လောက် ပေးနေရတယ် ဆိုတဲ့ အချက်မျိုးကို ပြောသွားတယ်။

အဆိုးဆုံးက ကစားသမားခေါ်ယူဖို့ အပြောင်းအရွှေ့ကိစ္စတွေကို ဘောလုံးအကြောင်း ဘာမှမသိတဲ့ ရှေ့နေတွေနဲ့ လုပ်နေတယ်ဆိုတာပါပဲ။ တော်တော်ဆိုးတဲ့ အနေအထားလို့ ပြောလို့ရတယ်။

ဒီပုံစံအတိုင်းဆို ကစားသမားသစ်ခေါ်ဖို့ဆိုတာ အခွင့်အရေး မရှိသလောက်ကို ဖြစ်နေပြီ။ ဒီရာသီမှာ ခေါ်ထားနိုင်တဲ့ တစ်ယောက်တည်းသော ကစား သမား ဗန်ဒီဘိခ်တောင်မှ အိုင်းယက်စ်မှာ အားကစားဒါရိုက်တာဖြစ်နေတဲ့ ယူနိုက်တက် ကစားသမားဟောင်း ဗန်ဒါးဆားကြောင့် ခေါ်နိုင်ခဲ့ပုံပဲ။

နောက် ဒီသတင်းက အီဗရာအနေနဲ့ သတင်းဌာနတစ်ခုခုကို အင်တာဗျူးရင် း ပြောတာမျိုးမဟုတ်ဘဲ သူ့အင်စတာဂရမ်မှာ မိနစ် ၂၀ ကြာအောင် စကားပြောခဲ့တဲ့ အခြေအနေပါ။

ဒါကြောင့် သူပြောခဲ့တာတွေက လက်တွေ့နဲ့ အတော်နီးစပ်ပြီး လက်ရှိဖြစ်နေတာတွေနဲ့ ဆက်စပ်လို့ ရနေတယ်။

နောက်ပြီး သူပြောခဲ့တာ ‘ကျွန်တော် ဝုဒ်ဝပ်ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်ချင်စိတ် မရှိဘူး။ ကျွန်တော် သူ့ကို တိုက်ခိုက်ချင်ရင် ဖုန်းခေါ်ပြီး တိုက်ရိုက်ပြောလို့ရတယ်။ တချို့လူတွေက ကလပ်ကို ဖျက်ဆီးနေကြတယ် ဆိုတာကို ပရိသတ်သိစေချင်လို့ပြောတာပါ။ တချို့ အတွင်းလူတွေက ဒီအကြောင်းကို ပြောရင် သူတို့ရပ်တည်မှု(အလုပ်)ကို ထိပါးမှာစိုးလို့ ပါးစပ်ပိတ်နေကြတာ။ ကျွန်တော် အခုလိုပြောတာလည်း ကျွန်တော့်ကို ထိခိုက်နိုင်တယ်ဆိုတာ ကျွန်တော်သိတယ် ဒါပေမဲ့ ဂရုမစိုက်ဘူး။ ယူနိုက်တက်ကို ကျွန်တော်ချစ်လို့ပြောတာ’ ဆိုတဲ့ စကားက သူ့အတွင်းစိတ်ကို ပေါ်လွင်စေတယ်။

နောက်တစ်ခုက နည်းပြဆိုးလ်ရှားနဲ့ ပတ်သက်လို့ . . . ။ အီဗရာက ‘ဆိုးလ်ရှားက ဖာဂူဆန်လက်ထက်တုန်းက လုပ်တဲ့ပုံစံတွေကို ပြန်ရဖို့အတွက် လုပ်နေတာ’ ဆိုတဲ့စကားကို ပြောခဲ့ပါသေးတယ်။

ဒါပေမဲ့ သူပြောတာတွေကို ဆက်စပ်ကြည့်ရင် အပြောင်းအရွှေ့မှာ ဆိုးလ်ရှား ဘာမှလုပ်ခွင့်မရသလို သူပြောတာတွေကလည်း မပေါက်ဘူးဆိုတဲ့ အချက်က ရှင်းရှင်းလင်းလင်း မြင်သာတယ်။

ဒီတော့ ရှင်းပါတယ်။ ဒီပြဿနာတွေမှာ ဆိုးလ်ရှားအနေနဲ့ ‘ဒီလူပဲရှိတယ် မင်းဒီလူတွေ ကွင်းထဲမှာ ကစားဖို့ပဲလုပ် ကျန်တာ မင်းနဲ့မဆိုင်ဘူး’ ဆိုတဲ့ ပုံစံမျိုးကို ရင်ဆိုင်နေရတဲ့သဘောပဲ။

အဲဒီတော့ သူလည်း ပွဲကြည့်စင်မှာထိုင်ပြီး တက်ဘလက် ပွတ်နေရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူးဆိုတဲ့အတိုင်း ဖြစ်နေဦးမှာပဲ။

သူ့ကိုထုတ်ပြီး တခြားတစ်ယောက်ယောက် လာရင်လည်း ဘယ်လိုဖြေရှင်းမလဲ။ ဘယ်သူဖြေရှင်းနိုင်မလဲ။ နောက်ဆုံး ဒီအခြေအနေကတော့ ဖာဂူဆန်ပြန်လာပြီး ဖြေရှင်းရင်တောင် ဘာမှထူးခြားလာဖို့ မရှိဘူးလို့မြင်မိတယ်။

အဲဒီတော့ ကျွန်တော် အပေါ်ဆုံးမှာပြောခဲ့တဲ့ အခြေအနေကို ပြန်စဉ်းစားပြီး ကောက်ချက်ဆွဲကြည့်ရအောင်။ ဒီအခြေအနေတွေ ဒီအဖြစ်အပျက်ပုံစံတွေအရတော့ ကျွန်တော်တို့ ကြိုက်ခဲ့ သဘောကျခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ဆိုတဲ့ အခြေအနေကို ပြန်ရောက်စရာ လမ်းမရှိဘူး။

CEO ဆိုတဲ့ ဝုဒ်ဝပ်ရယ် နောက်သူ့အနားမှာ ကပ်ပြီး ခွာနေတဲ့ သူ့လူယုံတစ်သိုက်ရယ် သူတို့ကို တာဝန်ပေးပြီး အသင်းဆီက အကျိုးအမြတ်တွေပဲ ထိုင်ယူနေတဲ့ အသင်းပိုင်ရှင်မိသားစုရယ် မရှိတဲ့အချိန်ကျမှ အသင်းကို အစကနေပြီး ပြန်တည်ဆောက်ရလိမ့်မယ်လို့ပဲ ပြောချင်မိပါတော့တယ် . . .

  • ပက်ထရစ်အီဗရာ အင်စတာဂရမ်မှာပြောထားတဲ့ ဗီဒီယိုအပြည့်အစုံကို ကြည့်ဖို့ ဒီအောက်က link ကနေ ဝင်ရောက်နိုင်ပါတယ်. . .
    https://www.instagram.com/tv/CFZTdbiH0DT/?utm_source=ig_embed

မောင်ဖိုးကွန့်

Facebook Comments Box
Facebook Comment