သမိုင်းကိုမေ့ထား

ယနေ့ညကစားမည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်မီ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်၏ သမိုင်းကြောင်းကို မေ့ထားရမည်ဟု အသင်းသားများအား သတိပေးလိုက်သည်။

မက်ဒရစ်ကလပ်က ချန်ပီယံလိဂ်ဖလားကို ၁၃ ကြိမ်ရယူကာ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေချိန်တွင် မန်စီးတီးက ယမန်နှစ်ရာသီတွင် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခြင်းက အမြင့်မားဆုံးအောင်မြင်မှု ဖြစ်ခဲ့သည်။

ထို့ကြောင့် အောင်မြင်မှုချင်းနှိုင်းယှဉ်လျှင် အလွန်ကွာဟနေသောကြောင့် စိတ်အားငယ်ခြင်းမရှိရန် စပိန်သားက တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

“တကယ်လို့ ကျွန်တော်တို့သာ သမိုင်းကြောင်းချင်း လိုက်ပြိုင်နေမယ်ဆိုရင် ဘာအခွင့်အရေးမှ ရလာမှာမဟုတ်ပါဘူး။ သူတို့က ပိုတော်ပါတယ်။

ရီးရဲလ်က ဒီပြိုင်ပွဲမှာ အောင်မြင်မှုအများကြီး ရထားတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်မတိုင်မီအထိ မန်စီးတီးဆိုတာ ဘာမှမဟုတ်သေးပါဘူး။

ဒီအဆင့်ကိုလည်း တက်မလာနိုင်သေးဘူး။ သမိုင်းဆိုတာ ပြောင်းလဲလို့မရဘူး။ ဒါပေမဲ့ အခုက ၁၁ ယောက်ချင်းကစားရမှာ။ ဘောလုံးက တလုံးတည်း။

ကွင်းထဲက ကစားသမားတွေက ကောင်းတာ ဒါမှမဟုတ် ဆိုးတာကို ဆုံးဖြတ်ပေးမှာ။ ကျွန်တော့်ကစားသမားတွေရဲ့ အရည်အချင်း၊ ကြံ့ခိုင်မှုနဲ့ စိတ်ဓာတ်ပိုင်းကို ယုံတယ်။ ကွဲပြားတာတွေ လုပ်နိုင်လိမ့်မယ်” ဟု ဘာစီလိုနာနှင့်အတူ ချန်ပီယံလိဂ်နှစ်ကြိမ်ရဖူးသော ဂွါဒီယိုလာက ဆိုသည်။

Ref:irishexaminer

Facebook Comments Box
Facebook Comment