ဝုဗ်မှ ပေါ်တူဂီတိုက်စစ်မှူးဒေယိုဂိုဂျိုတာကို ပေါင် ၄၅ သန်းဖြင့် လီဗာပူး သဘောတူညီမှုရရှိ

လီဗာပူးသည် ဝုဗ်မှ ဒေယိုဂိုဂျိုတာကို ပေါင် ၄၅ သန်းဖြင့် ခေါ်ယူရေး အပြီးသတ် လုပ်ဆောင်နိုင်တော့မှာ ဖြစ်ကြောင်း သိရသည်။

ပေါ်တူဂီတိုက်စစ်မှူးသည် အန်ဖီးလ်သို့ ၅ နှစ်စာချုပ်ဖြင့် ပြောင်းရန် သဘောတူညီမှုရရှိထားပြီဖြစ်ပြီး ယခုရက်ပိုင်းအတွင်းတွင် အပြောင်းအရွှေ့အပြီးသတ် လုပ်ဆောင်သွားမည်ဖြစ်သည်။

လီဗာပူးသည် သောကြာနေ့တုန်းက ဘိုင်ယန်မြူးနစ်မှ စပိန်လက်ရွေးစင် ကွင်းလယ် ကစားသမား တီယာဂိုကို ပေါင် ၂၇ သန်းဖြင့် ၄ နှစ် စာချုပ်ချုပ်ဆို ခေါ်ယူခဲ့သည်။ သူသည် ဇင်းနစ်သို့ ထွက်ခွာသွားသည် လော့ဗ်ရန် ဝတ်ဆင်ခဲ့သည့် ကျောနံပါတ် ၆ ကို ဝတ်ဆင်သွားမည် ဖြစ်သည်။

ယခုအခါ လီဗာပူးသည် ၂၀၁၇ ခုနှစ်တွင် ဝုဗ်သို့ ရောက်လာပြီးနောက် ဆက်တိုက် ခြေစွမ်းပြကစားလာခဲ့သည့် အသက် ၂၃ နှစ်ရှိ ပေါ်တူဂီလက်ရွေးစင်ကို ခေါ်ယူရေး အစွမ်းကုန် လုပ်ဆောင်နေပြီဖြစ်သည်။

အက်သလက်တီကိုမက်ဒရစ်ကစားသမားဟောင်းသည် တိုက်စစ်တွင် နေရာစုံ ကစားနိုင်သူ ဖြစ်ပြီး လီဗာပူးနည်းပြကလော့ပ်သည် မိုဟာမက်ဆာလက်၊ ဆာဒေယိုမာနေး၊ ရောဘတ်တို ဖာမီနိုတို့၏ အရန်အဖြစ် အသုံးပြုသွားမည်ဖြစ်သည်။

ဂျိုတာသည် ဝုဗ်အတွက် ၁၃၁ ပွဲကစားရာမှာ ၄၄ ဂိုးသွင်းယူထားနိုင်သူ ဖြစ်ပြီး လုပ်အား၊ အာရုံစိုက်မှု၊ ဟန်ချက်ညီညီ ကစားနိုင်မှုတို့အတွက် ကလော့ပ်၏ စိတ်ဝင်စားခြင်းခံနေတာလည်း ဖြစ်သည်။

လီဗာပူးသည် ဝက်ဖို့ဒ်မှ ဆီနီဂေါတောင်ပံကစားသမားအစ်မိုင်လာဆားကို ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ပြောင်းရွှေ့ကြေး မြင့်မားနေမှုကြောင့် ဂျိူတာကို ခေါ်ယူရန် လုပ်ဆောင်လာခြင်း ဖြစ်သည်။

Facebook Comments Box
Facebook Comment