ဝါနာနှင့် ကစားဟန်မတူ၍ ချဲလ်ဆီးတွင် အခွင့်အရေးရရှိမည်ဟု ဂီရောက် ယုံကြည်

အိုလီဗီယာဂီရောက်က ဖရန့်လမ်းပတ်၏ပွဲထွက်တိုက်စစ်မှူးနေရာအား ရရှိရန် ဂျာမနီတိုက်စစ်မှူးတီမိုဝါနာနှင့် ယှဉ်ပြိုင်ရန် အသင့်ရှိနေပြီဖြစ်ကြောင်းနှင့် ပေါင် ၅၃ သန်းတန်တိုက်စစ်မှူးနှင့်မိမိမှာ ကစားဟန်မတူကြောင်း ပြောကြားလိုက်သည်။

ချဲလ်ဆီးသည် ဇွန်လတုန်းက လိုက်ဇစ်မှ ဂျာမနီလက်ရွေးစင်တိုက်စစ်မှူးဝါနာကို ပေါင် ၅၃ သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ဝါနာသည် လာမည့်ရာသီတွင် ဖရန့်လမ်းပတ်၏ချဲလ်ဆီးတိုက်စစ်ကို ဦးဆောင်ခွင့် ရရှိရေးအတွက် အသက် ၃၃ နှစ်ရှိ ဂီရောက်၊ အသက် ၂၂ နှစ်ရှိ တမ်မီအေဘရာဟမ်တို့နှင့် ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။ အထူးသဖြင့် အသက် အရွယ်ရလာပြီဖြစ်သည့် တိုက်စစ်မှူးဂီရောက်မှာ နေရာရရှိရေးအတွက် ပိုမို ရုန်းကန်လာရနိုင်သည်။

သို့ရာတွင် ဂီရောက်က ဝါနာရောက်လာမှုကြောင့် အသင်း၏အင်အားမှာ အလွန်တောင့်တင်းလာသည်ဟု အကောင်းမြင်လျက်ရှိနေသည်။

၎င်းက “လမ်းပတ်နဲ့စကားမပြောရသေးပါဘူး။ သေချာတာကတော့ နေရာအတွက် ယှဉ်ပြိုင်မှုက ကျွန်တော်တို့အားလုံးကို ထိပ်တန်းသို့ ရောက်လာစေပါမယ်။ ကြီးကျယ်တဲ့ကလပ်ဆိုတာ နေရာတစ်ခုချင်းစီတိုင်းအတွက် ရွေးချယ်စရာ အများကြီး ရှိသင့်ပါတယ်။ ဆုဖလားအတွက် ယှဉ်ပြိင်ချင်ပါတယ်။ ဒီအတွက်ဘဲ ဒီကို ကျွန်တော် ပြောင်းလာခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီကို ကျွန်တော် ကောင်းမွန်စွာ အဆုံးသတ်နိုင်ခဲ့တယ်။ နည်းပြကို ဘာလုပ်နိုင်တယ်ဆိုတာ ပြသနိုင်ခဲ့တယ်။ ဝါနာက ကျွန်တော်နဲ့ ကစားဟန်မတူပါဘူး။ ဒီတော့ ပွဲကစားခွင့်ရလာမယ်လို့ ကျွန်တော် မျှော်လင့်နေပါတယ်”ဟု ပြောကြားသွားခဲ့သည်။

ဂီရောက်သည် ၂၀၁၉-၂၀ ရာသီ ပထမရာသီတွင် လမ်းပတ်၏အရန်စာရင်းတွင်သာ အဓိကကစားခဲ့ရသည်။ သို့ရာတွင် ဒုတိယရာသီတွင် ဒဏ်ရာပြဿနာများ၊ အသင်း ပြောင်းမှုများ ဖြစ်လာမှုနှင့်အတူ ပြင်သစ်တိုက်စစ်မှူးသည် စတမ်းဖို့ဒ်ဘရစ်ချ်တွင် နေရာရရှိလာခဲ့သည်။ သူသည် ဖေဖော်ဝါရီလနှောင်းပိုင်းတွင် ချဲလ်ဆီးအတွက် ၁၃ပွဲ အထိကစားခွင့်ရရှိခဲ့ကာ လိဂ်ပွဲ ၈ ဂိုးသွင်းနိုင်ခဲ့သည်။

ယခုနွေရာသီတွင် လမ်းပတ်သည် ဝါနာအပြင် ဇီယက်ချ်၊ ကိုင်ဟာဗတ်ဇ်တို့ကိုလည်း ခေါ်ယူထားရာ ဂီရောက်အနေဖြင့် နေရာအတွက် ခက်ခဲလာရန် သေချာနေပါသည်။ သို့ရာတွင် သူသည် ချဲလ်ဆီးတွင် ဆက်ကစား ကာ နေရာအတွက် တိုက်ပွဲဝင်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။

ချဲလ်ဆီးသည် ဘယ်လ်ဂျီယံတိုက်စစ်မှူးဘက်ရှုယီကို တစ်နှစ်စာချုပ်သက်တမ်း တိုးပြီး အငှားချထားရန် စီစဉ်နေသည်။ အသက် ၂၆ နှစ်ရှိ တိုက်စစ်မှူးသည် ချဲလ်ဆီးနှင့် တစ်နှစ်စာချုပ်သာကျန်တော့ရာ ချဲလ်ဆီးအနေဖြင့် လာမည့်နွေတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရမည့်အခြေအနေတွင် ရှိနေသည်။

ထို့ကြောင့် ချဲလ်ဆီးသည် ဘက်ရှုရီကို လုပ်ခတိုးမြှင့်ပြီး အငှားချကာ လာမည့် နွေရာသီတွင်မှ ရောင်းချသွားရန် စီစဉ်ထားသည်။ ယင်းသို့ လုပ်ခတိုးမြှင့်ကာ စာချုပ်သစ်ချုပ်ဆိုမှုကြောင့် ချဲလ်ဆီးအတွက် ကုန်ကျစရိတ်မြင့်မားလာမှာမဟုတ်ဘဲ အငှားဖြင့် ခေါ်ယူသည့် ကလပ်ကသာ ကုန်ကျမည်ဖြစ်ရာ ကလပ်အတွက် များစွာ အကျိုးရှိလာမည်ဖြစ်သည်။ ၎င်းကို ဝက်စ်ဘရွန်း၊ နယူးကာဆယ်နှင့် ခရစ္စတယ်ပဲလေ့စ်တို့က ခေါ်ယူရန် စိတ်ဝင်စားနေသည်။

Facebook Comments Box
Facebook Comment