ဝင်ဘာလေ ယူရိုပွဲ ၇ ပွဲကို လက်ခံ ကျင်းပရန် ဗြိတိန်အစိုးရ အာမ မခံ

ဗြိတိန်အစိုးရက လာမည့်နွေရာသီ၌ အင်္ဂလန်တွင် လက်ခံကျင်းပရမည့် ယူရိုပွဲစဉ်များအား လက်ခံကျင်းပနိုင်‌ရေး အာမခံချက်မပေးနိုင်ကြောင်း ပြောကြားလိုက်သည်။ အားကစားဆိုင်ရာ အတွင်းရေးမှူး အိုလီဗာဒေါ်ဒန်က ဝင်ဘာလေတွင်း လက်ခံကျင်းပရန် စီစဉ်ထားသည့် ယူရိုပွဲ ၇ ပွဲမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပျက်ပြယ်လာနိုင်ကြောင်း ပြောကြားသွားသည်။ ဗြိတိန်အစိုးရသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အခြေအနေအပေါ်မူတည်ကာ ယူရိုပြိုင်ပွဲအား လက်ခံကျင်းပရေး၊ လက်ခံကျင်းပ ပါကလည်း ပရိသတ်ဝင်ကြည်ခွင့်ပေးရေး/မပေးရေးတို့ကို ဆုံးဖြတ်သွားမည်ဖြစ်သည်။

ဒေါ်ဒန်က “ဒီဗိုင်းရပ်စ်ကြောင့် ဘာမှ ကြိုပြီးတော့ ပြောလို့ မရပါဘူး။ ကျွန်တော့်ဘက်က ဘာအာမခံချက်မှ မပေးနိုင်ပါဘူး။ လုံခြုံမှုမရှိဘူးဆိုရင် ပရိသတ် ကြည့်ခွင့် ရမှာ မဟုတ်ပါဘူး။ တကယ်လို့ လုံခြုံစိတ်ချရတယ်ဆိုရင်တော့ စီစဉ်ထားတဲ့အတိုင်းဘဲ ကျင်းပသွားပါမယ်။ ဒီအပေါ်မှာဘဲ အခြေခံ လုပ်ဆောင် သွားပါမယ်။ ဒါပေမယ့် ဆောင်းရာသီ ရောက်တဲ့အထိ ဒီကပ်ဆိုး ရှိနေဦးမယ်ဆိုရင်တော့ ကျွန်တော်တို့ ဆုံးဖြတ်ချက်ချရပါတော့မယ်။ ဒါပေမယ့် ကျန်းမာရေးကို နံပါတ်တစ်ဦးစားပေးအဖြစ်ဘဲ ဆုံးဖြတ်သွားပါမယ်”ဟု ပြောကြားခဲ့သည်။

ယူအီးအက်ဖ်အေသည် ယခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ယူရိုပြိုင်ပွဲအား ဥရောပတလွှားရှိ နိုင်ငံပေါင်း ၁၂ မှ မြို့ပေါင်း ၁၂ မြို့တွင် ကျင်းပရန် စီစဉ်ထားခဲ့သည်။ သို့ရာတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယူရိုပြိုင်ပွဲကို လာမည့် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့သို့ ရွှေ့ဆိုင်းထားသည်။

လက်ရှိအချိန်တွင် ကမ္ဘာတလွှားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တကျော့ပြန်လည် ဖြစ်ပွားနေပြီး နိုင်ငံအချို့တို့မှာ Lockdown ပြန်လုပ်နေရရာ ယူရိုပြိုင်ပွဲအား ထပ်မံ ရွှေ့ဆိုင်းရမည်ကို စိုးရိမ်နေရသည်။

ဝင်ဘာလေကွင်းတွင် အင်္ဂလန်၏ ယူရို အုပ်စုပွဲ ၃ ပွဲ၊ ၁၆ သင်းအဆင့်ပွဲ ၂ ပွဲ၊ ဆီမီးဖိုင်နယ်ပွဲ ၁ ပွဲနှင့် ဗိုလ်လုပွဲတို့ လက်ခံကျင်းပရန် စီစဉ်ထားသည်။

သို့ရာတွင် မကြာသေးမီတုန်းက ယူအီးအက်ဖ်အေက ၎င်းတို့ ကြီးမှူးကျင်းပသည့် ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နှင့် နိုင်ငံအသင်းပွဲစဉ်များကို ဒေသခံ အာဏာပိုင်၏ ခွင့်ပြုချက် ရရှိပါက ကွင်း၏ပရိသတ်ဆန့် ပမာဏ၏ ၃၀ ရာခိုင်နှုန်းအထိ ဝင်ကြည့်ခွင့်ပေးထားကြောင်း ကြေညာထားရာ ပရိသတ်များအနေဖြင့် ကွင်းအတွင်း ဝင်ရောက်ကြည့်ခွင့်ရရေး မျှော်လင့်ချက်မှာ လင်းလက်လျက်ရှိသည်။

Facebook Comments Box
Facebook Comment