
ဝက်ပရောက်စ်၏နေရာတွင် ၁၇ နှစ်အရွယ် ဘယ်လင်ဂမ်ကို အင်္ဂလန် ခေါ်ယူ
အင်္ဂလန် အသင်းနည်းပြ ဂါရတ်ဆောက်ဂိတ်သည် ဒဏ်ရာကြောင့် လက်ရွေးစင် လူစာရင်းမှ နုတ်ထွက်သွားသော ကွင်းလယ်လူ ဂျိမ်းစ်ဝက်ပရောက်စ်၏ နေရာတွင် ဒေါ့မွန်မှ အသက် ၁၇ နှစ်အရွယ် ဂျုဒ်ဘယ်လင်ဂမ်ကို အစားထိုး ခေါ်ယူလိုက်သည်။
ယခုရာသီတွင် ဆောက်သမ်တန်အတွက် ခြေစွမ်းပြ ကစားနေသော ၂၆ နှစ်အရွယ် ဝက်ပရောက်စ်သည် တံကောက်ကြောဒဏ်ရာ ရရှိထားသောကြောင့် အင်္ဂလန်အသင်းနှင့် ပူးပေါင်းမည်မဟုတ်ဘဲ ကလပ်အသင်းတွင်သာ ဆက်ရှိနေမည်ဖြစ်သည်။
ထို့ကြောင့် ဆောက်ဂိတ်သည် ယခုရာသီတွင် ဒေါ့မွန်၌ ခြေစွမ်းပြကစားနေ သော ဘယ်လင်ဂမ်ကို အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
ယခုရာသီအစတွင် ဘာမင်ဂမ်မှ ပေါင် ၂၅ သန်းဖြင့် ပြောင်းရွှေ့လာသော ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်သည် ဒေါ့မွန်အတွက် ပြိုင်ပွဲစုံ ၁၀ ပွဲကစားကာ ၁ ဂိုးသွင်းထားပြီး အင်္ဂလန် ယူ-၂၁ လက်ရွေးစင်လည်း ဖြစ်သည်။
အင်္ဂလန်အသင်းသည် ကြာသပတေးညတွင် ဝင်ဘလေ၌ အိုင်ယာလန်နှင့် ခြေစမ်းကစားမည်ဖြစ်ပြီး ထို့နောက် ဘယ်လ်ဂျီယံ၊ အိုက်စလန်တို့နှင့် နေးရှင်းလိဂ်ပွဲစဉ် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
ဘယ်လင်ဂမ်သည် အိုင်ယာလန်နှင့်ပွဲတွင် ပါဝင်ကစားခွင့်ရပါက ၁၇ နှစ်၊ ၁၃၆ ရက်ဖြင့် အင်္ဂလန်အသင်း၏ သမိုင်းတစ်လျှောက် တတိယမြောက် အ သက်အငယ်ဆုံး ပွဲကစားခွင့်ရသူအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။
အင်္ဂလန်အသင်းအတွက် အသက်အငယ်ဆုံး ကစားခွင့်ရသူက သီယိုဝဲလ်ကော့ဖြစ်ပြီး ၂၀၀၆ ခုနှစ်က ဟန်ဂေရီနှင့်ပွဲတွင် ၁၇ နှစ်၊ ၇၅ ရက်ဖြင့် စံချိန်တင်ထားခြင်းဖြစ်ပြီး သြစတြီးယားနှင့်ပွဲ၌ ဝိန်းရွန်နီ တင်ထားသော ၁၇ နှစ်၊ ၁၁၁ ရက်စံချိန်ကို ချိုးဖျက်ခဲ့ခြင်း ဖြစ်သည်။
Ref:dailymail