ဝက်စ်ဟမ်းမှ နည်းပြမိုယက်စ်၊ အစ်ဆာဒီယော့ပ်နှင့် ကူလ်လန်တို့ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ခံထားရ

ဝက်စ်ဟမ်းနည်းပြဒေးဗစ်မိုယက်စ်နှင့် ကစားသမားနှစ်ဦးတို့သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်။ ဝက်စ်ဟမ်းသည် ဟားလ်စီးတီးကို ၅-၁ ဂိုးဖြင့် အနိုင်ရရှိသည့် ကာရာဘောင်းဖလားပွဲမတိုင်မီ အသင်းကို ဆေးစစ်ဆေးမှု ပြုလုပ်ခဲ့ရာ အသင်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ သုံးဦး ရှာနေကြောင်း စစ်ဆေး တွေ့ရှိခဲ့ခြင်းလည်း ဖြစ်သည်။

အသက် ၅၇ နှစ်ရှိ ဒေးဗစ်မိုယက်စ်၊ အသက် ၂၃ နှစ်ရှိ ဒီယော့ပ်နှင့် အသက် ၂၄ နှစ်ရှိ ဂျို့စ်ကူလ်လန်တို့သည် ရောဂါကူးစက်ခံထားရကြောင်း သိရှိရပြီးနောက် နေအိမ်တွင် သီးသန့် နေထိုင်နေကြပြီ ဖြစ်သည်။

ဒေးဗစ်မိုယက်စ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရမှုကြောင့် ဟားလ်စီးတီးနှင့် ပွဲစဉ်ကို လက်ထောက်နည်းပြ အလန်အာဗိန်းကက ကိုင်တွယ်ခဲ့သည်။ ဒီယော့ပ်နှင့် ကူလ်လန်တို့မှာ အစောပိုင်းတုန်းက ဟားလ်စီးတီးနှင့်ပွဲအတွက် ဝက်စ်ဟမ်းလူစာရင်းတွင် ပါဝင်ခဲ့ကြသူများလည်း ဖြစ်သည်။

အင်္ဂါနေ့က လေတန်အိုးရီးယန့်နှင့် စပါးစ်တို့ ကာရာဘောင်းဖလားပွဲမှာလည်း လေတန်အိုးရီးယန့်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် ကစားသမားအမြောက်အမြား ရှိနေ၍ ဖျက်သိမ်းခဲ့ရသည်။

လက်ရှိအချိန်တွင် ဗြိတိန်ဝန်ကြီးချုပ် ဘိုရစ်ဂျွန်ဆင်က အောက်တိုဘာလ ၁ ရက်တွင် ဗြိတိန်ရှိ အားကစားပွဲများအား ပရိသတ် ၁၀၀၀ ဝင်ကြည့်ရေး စီစဉ်ထားမှုကို နောက်ထပ် ခြောက်လအထိ ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာထားသည်။

ဗြိတိန်အစိုးရသည် နိုင်ငံတွင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တစ်ကျော့ပြန် ပြန်လည် မြင့်တက်နေရာ ဒုတိယလှိုင်း ဖြစ်လာရေး ကာကွယ်သည့်အနေဖြင့် ကန့်သတ်မှုများ ပြုလုပ်နေသည်။

Facebook Comments Box
Facebook Comment