ဝက်စ်ဟမ်းပွဲအတွက် လန်ဒန်သို့ လာစဉ် မန်စီးတီးအသင်းကို သယ်ဆောင်လာသည့် လေယာဉ် ဘရိတ်ချို့ယွင်းမှုဖြစ်ခဲ့

မန်စီးတီးအသင်းကို သယ်ဆောင်လာသည့် လေယာဉ်သည် ဘရိတ်ချို့ယွင်းမှု ဖြစ်မှုကြောင့် လေထဲတွင် အချိန်အတန်ကြာ ပျံဝဲနေခဲ့ရကြောင်း သိရသည်။ မန်စီးတီးအသင်းသည် ယနေ့ည ဝက်စ်ဟမ်းနှင့်ပွဲ ကစားရန် လန်ဒန်သို့ ဂျက်လေယာဉ်ဖြင့် လာရောက်ခဲ့စဉ် အသက်အန္တရာယ်အတွက် စိုးရိမ်ရသည့် ဖြစ်ရပ်နှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။

မန်စီးတီးတစ်သင်းလုံးကို သယ်ဆောင်လာသည့် လေယာဉ်သည် လန်ဒန်စီးတီး လေဆိပ်တွင် ဆင်းသက်ရန် စီစဉ်ထားခဲ့သော်လည်း နည်းပညာပိုင်း ချို့ယွင်းချက်ကြောင့် မဆင်းသက်နိုင်ခဲ့ဘဲ လေထဲတွင် အချိန်အတန်ကြာ ပျဲဝဲနေခဲ့ရသည်။ ဂျက်လေယာဉ်သည် လန်ဒန်စီးတီးလေဆိပ်တွင် မဆင်းသက်နိုင်ခဲ့သော်လည်း ယင်းနှင့် ၃၃ မိုင်ခန့်အကွာအဝေးတွင် ရှိသည့် စတန်းစတက်တွင် ဘေးအန္တရာယ်ကင်းစွာဖြင့်ဆင်းသက်နိုင်ခဲ့သည်။

၂၀၁၆ ခုနှစ်တုန်းကလည်း မန်စီးတီးအသင်းခေါင်းဆောင်ဗင်းဆင့်ကွန်ပနီစီးနင်းလာသည့် သီးသန့်လေယာဉ်သည် နော့ဝှစ်ချ်နိုင်ငံတကာလေဆိပ်တွင် လမ်းလျှော်မှု ဖြစ်ပွားခဲ့ဖူးသည်။

မန်စီးတီးအသင်းလေယာဉ်သည် မြေပြင်သို့ ဘေးမသီရန်မခဘဲ ဆင်းသက်နိုင်ခဲ့သော်လည်း ဟိုတယ်သို့ ရောက်ချိန် နောက်ကျကာ အနားယူချိန် လျှော့နည်းခဲ့ရသည်။

မန်စီးတီးအသင်းလေယာဉ်တွင် ဒဏ်ရာရရှိနေသည့် ဂါဘရီရယ်ဂျီးဆပ်စ်၊ ဖာနန်ဒင်ဟိုနှင့်ဘင်ဂျာမင်မင်ဒီတို့ မပါဝင်ချေ။

မန်စီးတီးသည် ပွဲအပြီးတွင်လည်း မန်ချက်စတာသို့ လေယာဉ်ဖြင့်ပင် ပြန်မည့် အပြင် လာမည့် အင်္ဂါနေ့တွင်လည်း မာဆေးလ်နှင့် ချန်ပီယံလိဂ်ကစားရန်အတွက် ပြင်သစ်သို့ လေယာဉ်ခရီးစီးနင်းရဦးမည် ဖြစ်သည်။  

Facebook Comments Box
Facebook Comment