
လွမ်းနေမယ် ဂါဂါ
ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ညိုက နောက်ခံလူ အန်တိုနီယိုရူဒီဂါသည် ကမ္ဘာ့ထိပ်တန်း ကစားသမားဖြစ်ပြီး အကယ်၍ စတမ်းဖို့ဒ်ဘရစ်ချ်ကိုသာ စွန့်ခွာသွားပါက မိမိတို့ လွမ်းဆွတ်နေရမည်ဟု ပြောသည်။
ဂျာမန်သားသည် ယခုရာသီအကုန်တွင် စာချုပ်ကုန်ဆုံးမည်ဖြစ်ပြီး သက်တမ်းတိုးဆွေးနွေးမှုကလည်း ပြီးဆုံးသွားပြီဟု နည်းပြသောမတ်စ်တူဟယ်က ဝန်ခံထားသည်။
ဒေးလီးမေးလ်သတင်းစာက ၂၉ နှစ်အရွယ် ရူဒီဂါသည် လာလီဂါဘီလူးကြီး ရီးရဲလ်မက်ဒရစ်သို့ ၄ နှစ်စာချုပ်ဖြင့်ပြောင်းရွှေ့ရန် သဘောတူညီမှုရယူထားသည်ဟု ယမန်နေ့က ဖော်ပြသည်။
တူဟယ်က ရူဒီဂါ ထွက်ခွာတော့မည့်အဖြစ်က မိမိအတွက် စိန်ခေါ်မှုဖြစ်ကြောင်း၊ ၎င်း၏နေရာအတွက် မည်သို့ဖြေရှင်းရမလဲဆိုသည်ကို အဖြေရှာရတော့မည်ဖြစ်ကြောင်း ပြောသည်။
ဂျော်ဂျင်ညိုကလည်း “ရူဒီဂါက ဒီမှာ အချိန်အကြာကြီးရှိနေခဲ့တယ်။ တကယ်လို့ သူသာ အသင်းကထွက်ခွာသွားခဲ့မယ်ဆိုရင် ကျွန်တော်တို့က လွမ်းနေရတော့မှာပါ။
သူက ပေါင်းသင်းဆက်ဆံရေးကောင်းသလို အသင်းအတွက်လည်း အများကြီး ကူညီပေးခဲ့တယ်။ သူက ကျွန်တော်နဲ့ သူငယ်ချင်းကောင်းပဲ။ လွမ်းနေရမှာက ကျွန်တော်တယောက်တည်း မဟုတ်ပါဘူး။ အားလုံးက သတိရနေကြမှာပါ” ဟု ဖွင့်ဟသည်။
Ref:dailymail