လျှော့မတွက်နဲ့

မန်ချက်စတာနှစ်သင်းစလုံးတွင် ကစားဖူးသော အာဂျင်တီးနားတိုက်စစ်မှူးဟောင်း ကားလို့စ်တေဗက်ဇ်က မန်စီးတီး၏ လက်ရှိအနေအထားက မည်သည့်အသင်းကိုမဆို ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း သုံးသပ်ပြောကြားလိုက်သည်။

ထို့ကြောင့် လာလီဂါထိပ်သီး ရီးရဲလ်မက်ဒရစ်အနေဖြင့် မန်စီးတီး၏ ခြိမ်းခြောက်နိုင်စွမ်းကို သတိထားရလိမ့်မည်ဟု ဆိုသည်။

မန်စီးတီးသည် မနက်ဖြန်ညတွင် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပ-အကျော့အဖြစ် အစ်တီဟတ်၌ ရီးရဲလ်နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မက်ဒရစ်ကလပ်က လာလီဂါချန်ပီယံဖြစ်ရန် အခြေအနေကောင်းနေသလို မန်စီးတီးကလည်း ပရီးမီးယားလိဂ် ဇယားထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။

ရီးရဲလ်သည် ချန်ပီယံလိဂ်ဖလားကို ၁၃ ကြိမ်ရယူကာ အအောင်မြင်ဆုံးကလပ်အဖြစ် စံချိန်တင်ထားချိန် မန်စီးတီးက သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဥရောပချန်ပီယံဖြစ်ရန် အားခဲထားသည်။

မန်စီးတီးနှင့်အတူ ပရီးမီးယားလိဂ်နှင့် အက်ဖ်အေချန်ပီယံဖြစ်ဖူးသော ၃၈ နှစ်အရွယ် တေဗက်ဇ်က အသင်းဝက်ဘ်ဆိုက်နှင့် တွေ့ဆုံရာတွင် “ဒီနေ့ခေတ်က အရင်ကနဲ့ ဘာမှကို မဆိုင်တော့ပါဘူး။ ရီးရဲလ်မက်ဒရစ်က မန်စီးတီးနဲ့ကစားရမှာကို စိုးရိမ်နေရတဲ့အဆင့်ကို ရောက်နေပါတယ်။

ဒါက လက်ရှိမန်စီးတီးရဲ့ အားသာချက်ပါ။ မျက်မှောက်ခေတ်မှာ ပြိုင်ဘက်တွေက မန်စီးတီး ဘာလုပ်ပြမလဲဆိုတာ စောင့်ကြည့်နေရပါတယ်။

ဒီဘက်နှစ်တွေအတွင်း မန်စီးတီးရဲ့ အခြေခံအဆောက်အဦတွေနဲ့ ကစားသမားတွေက ဥရောပမှာရှိတဲ့ ဘယ်အသင်းကိုမဆို တန်းတူတိုက်ပွဲဝင်နိုင်တဲ့အဆင့်ကို ရောက်နေပါပြီ” ဟု ဖွင့်ဟသည်။

Ref:AS

Facebook Comments Box
Facebook Comment