
လူမှုရေးလုပ်ငန်းများ ပြုလုပ်ခြင်းကြောင့် ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခံခဲ့ရသည့် မာရီယိုဂေါ့ဇီ
မာရီယိုဂေါ့ဇီသည် ဘောလုံးပြင်ပတွင် လူမှုရေးလုပ်ငန်းများ အားသွန်ခွန်စိုက် လုပ်ဆောင်မှုများအတွက် အထူးဆုတစ်ခု ချီးမြှင့်ကာ ဂုဏ်ပြုခံခဲ့ရသည်။ သို့ရာတွင် ကမ္ဘာ့ဖလားဆုရှင်သည် ဆုချီးမြှင့်သည့်အခမ်းအနားတွင် မတော်တဆဆုပြုတ်ကျမှုဖြစ်ခဲ့ပါသည်။
အသက် ၂၈ နှစ်ရှိ ဂေါ့ဇီသည် ကမ္ဘာတလွှားလူမှုရေးလုပ်ငန်းများ လုပ်ဆောင်မှုကြောင့် ဂျာမနီနိုင်ငံ၊ ကိုလုံးတွင် North Rhine-Westphalia Order of Merit ဆုချီးမြှင့်ခံခဲ့ရခြင်းလည်းဖြစ်သည်။
သူသည် အနောက်အာဖရိကတွင် စာသင်ကျောင်းများ ဆောက်လုပ်ခြင်းအပါအဝင် မာဒါဂါစကာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဟွန်ဒူးရပ်စ်တို့တွင်လည်း လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသူဖြစ်သည်။ သူသည် ဆီနီဂေါ၊ ကမ္ဘော့ဒီးယား၊ ဗီယက်နမ်တို့တွင် ကလေးသူငယ်ဆိုင်ရာပရဟိတလှုပ်ရှားမှု သုံးခုလည်း လုပ်ထားပါသေးသည်။
ဘိုင်ယန်မြူးနစ်နှင့်ဒေါ့မွန်စတားဟောင်းသည် ဘရာဇီးတွင် အမျိုးသမီးငယ်များအတွက် ဘောလုံးပရောဂျက်တစ်ခု လုပ်ဆောင်နေသလို နီပေါတွင်လည်း အမျိုးသမီးငယ်များ ကျွန်ပြုခြင်းမှ လွတ်မြောက်ရေး၊ ကလေးငယ်များ အေအိုင်ဒီအက်စ်ကူးစက်ခံရမှုမှ တားဆီးရေးစတဲ့လှုပ်ရှားမှုလည်း လုပ်ဆောင်နေသူဖြစ်သည်။
ယင်းကဲ့သို့ လူမှုရေးလုပ်ငန်းများကို စွန်းစွန်းတမံလုပ်ဆောင်မှုကြောင့် ဂေါ့ဇီကို North Rhine-Westphalia ဝန်ကြီးချုပ်အာမင်လက်စ်ချက်က Order of Merit ဆုကို ချီးမြှင့်ခဲ့ခြင်းလည်းဖြစ်သည်။
ဂေါ့ဇီက “North Rhine-Westphalia Order of Merit ချီးမြှင့်ခံရလို့ အရမ်းဂုဏ်ယူရပါတယ်။ ကျွန်တော့်ဇနီးနဲ့အတူ လက်တွဲပြီးတော့ တစ်ကမ္ဘာလုံးက အခွင့်အလမ်းနည်းပါးတဲ့ကလေးငယ်တွေကို အကူအညီတွေ ပေးသွားပါဦးမယ်။ ဒီဆုကို လုံခြုံစိတ်ချရတဲ့နေရာမှာသိမ်းဆည်းသွားပါမယ်။ ဒီလိုဆို နောက်တစ်ခါ ပြုတ်ကျတော့မှာ မဟုတ်ပါဘူး”ဟု Instagram တွင် ရေးသားသွားခဲ့သည်။
Ref: Instagram