
လူပြောများလာပြန်တဲ့ မန်စီးတီး
ထွန်းထွန်းဦး(လှိုင်)
ပရီးမီးယားက ဇာတ်သိမ်းပြီးတော့ ပန်းဝင်သွားတာလား …
မြင်နေရသမျှကို ကြည့်နေရင်းနဲ့ အထက်ပါအတိုင်း ပြောမိလိုက်တယ်။ ဟုတ်ပါတယ်။
ဇာတ်လမ်းက မပြီးသေးဘူး။ ဘာဖြစ်မယ်ဆိုတာ ကြိုသိနေကြတဲ့အတိုင်း ဖီလင်တောင် အောက်သွားသလို ခံစားရတယ်။
အမှတ်ဖြတ်ချထားတာက ၇ မှတ်သာ ရှိသေးတယ်။
ဒါပေမဲ့ ခြေစွမ်းနဲ့ စုဖွဲ့မှု အတိုင်းအတာအရ ပြိုင်ဘက်တွေအပေါ်မှာ သူတို့လွှမ်းမိုးထားတာကို မြင်မိတဲ့သူတိုင်း မန်စီးတီးဟာ သူတို့သိမ်းပိုက်ဖူးတဲ့ ဒီတော၊ ဒီတောင်ကို ပြန်ယူဖို့ အင်အားအကြီးဆုံးဖြစ်နေတာတော့ အမှန်ပါပဲ။
ချန်ပီယံတဲ့ ….
ခန့်မှန်းရ ခက်တော့မလိုလိုနဲ့ အမှားများတဲ့ပြိုင်ပွဲထဲမှာ လုံးလားထွေးလားနဲ့ ငါတို့ရမယ့် အလံတော်ဟဲ့ ဆိုတဲ့အတိုင်း တစ်ပတ်တစ်ခါ ဇယားထိပ်ဆုံး အမောတကော ပြေးတက်လာကြတဲ့အသင်းတွေ အခုတော့ သက်လုံ မကောင်းကြတော့လို့ မာန်တွေ၊ မာနတွေ လျော့ကျကုန်ပါရောလား …
ဖလားရရေး ရည်ရွယ်ချက်တွေဆိုတာလည်း ပွဲစဉ်တစ်ဝက်ကျိုးကျော်လောက်မှာတင် အသင်းတိုင်းရဲ့ပန်းတိုင်က ရည်မှန်းချက်တွေ ပြောင်းလိုပြောင်းနဲ့ ဖြစ်တည်မှုတွေ ခေါင်းစဉ်တောင် အစီအစဉ် ပြောင်းခဲ့ကြပါရောလားလို့ …
လီဗာပူး၊ မန်ယူနိုက်တက်၊ ချယ်လ်ဆီးနဲ့ အာဆင်နယ်အပြင် စပါးစ်ရဲ့တောက်ကြွားမှုတွေဟာ လင်းခနဲ၊ လက်ခနဲ အံ့အားသင့်ဖွယ်အချို့နဲ့ ပရီးမီးယားပရိသတ်ကို ဖမ်းစားနိုင်ခဲ့တာမှန်ပေမယ့် ရေရှည်တိုက်ပွဲမှာ သူတို့ အမှားများတဲ့ ကျိန်စာအောက်မှာ မလွတ်ကင်းနိုင်ကြလို့ ရပ်တည်မှုတွေကအစ ဒဏ်ရာကိုက်ခဲမှုအောက်မှာ အလဲလဲအပြိုပြိုနဲ့ ဖြစ်ခဲ့ကြတယ်။

အထူးသဖြင့် အလယ်အလတ်အသင်းတွေ ဇယားအထက်ပိုင်း ထိပ်ဆုံး ၅ သင်းနေရာအထိ ပြုံတိုးဝင်လာတယ်ဆိုတာ အများကြီးပြောစရာ မလိုလောက်အောင်ကို ရှင်းနေပါတယ်။
ဒါဟာ အထင်ကရ အသင်းတွေရဲ့ခြေစွမ်းနဲ့ အားထုတ်စွမ်းဆောင်နိုင်မှု အခြေအနေဟာ အခြားအသင်းတွေထက် ခေါင်းတစ်လုံး ပိုပြီး မြင့်မားနိုင်တာမျိုး အရင်တုန်းကလို မရှိတော့တာရယ်၊ ခေတ်ကာလ အခြေအနေ အကြောင်းကြောင်းကြောင့် ပြင်ဆင်ပြောင်းလဲမှုပေါင်းများစွာကို အောက်ခြေက ပြန်စနေရတာရယ်ကြောင့် အသင်းကြီးတွေလည်း ပြောင်းလဲမှု ရောဂါပေါင်းစုံအောက်မှာ သာမန်အသင်းတွေလို ဖြစ်လို့။
ဒါတင်မကပါဘူး။ ကျွန်တော် ပြောနေကျအတိုင်း ကိုဗစ်ဒဏ်၊ စီးပွားရေး ကျဆင်းတဲ့ဒဏ်တွေ အပြင် အခြားအခြားသော ထိုးနှက်ချက်တွေက အသင်းကြီးပေါင်းများစွာကို မူလလမ်းဟောင်းထဲမှ ခွဲထွက်စေခဲ့သလို စွန့်စားတိုးဝင်ပြီး ပြန်ဖောက်နေရတဲ့ လမ်းအသစ်မှာ လျှောက်နေရတယ်လေ။
ပရီးမီးယားမှာဆိုရင် ကိုဗစ်ခြိမ်းခြောက်မှုကို အံတုပြီး ဒီရာသီ အဆင်ပြေသလို ဖြတ်သန်းနေခဲ့ရတာပါ။
အသင်းကြီးတွေက အစ အသင်းငယ်တွေက အဆုံး ပြင်ဆင်မှုကိုလည်း အလျင်မီသလိုသာ ပြင်ဆင်ခဲ့ရသလို ကစားသမားကောင်း စုစည်းမှုကလည်း သာမန်ထက် အနည်းငယ်ပိုသလောက်သာ လုပ်ယူနိုင်ခဲ့တယ်။
ဒီနေရာမှာ လူကောင်းတွေ ၃ ဆလောက်ရှိနေတဲ့ ဓနအင်အားခိုင်မာတဲ့ အသင်းတွေအတွက်တော့ ခါတိုင်းပြောကြသလို လူပိုတွေကို ငွေကြေးလစာ ကောင်းကောင်းပေးပြီး စုထားနိုင်တာ တစ်ပန်းသာသလို ရေရှည်တိုက်ရတဲ့ တိုက်ပွဲမှာ ခြေစွမ်းထက် အတွေ့အကြုံရင့် လူကောင်းတွေ ခပ်များများရှိတဲ့အသင်းတွေက အချိန်ကြာလာတာနဲ့အမျှ ထိထိရောက်ရောက် စကားပြောလာပါတော့တယ်။
အခု မန်စီးတီးကို ကြည့်ပါ။ လူအင်အား အပြည့်ရှိတယ်၊ ဓနအင်အားလည်း ရှိတယ်၊ ကမ္ဘာ့ အကောင်းဆုံး နည်းပြချုပ်လည်း ရှိတယ်။
ကိုဗစ်ကာလမှာ ငွေကြေးအပြည့်နဲ့ လည်ပတ်ပြီးတော့ ဘယ်သူ့ကိုမှ လစာမလျှော့ဘူး။
အခြား အားနည်းသူတွေကိုတောင် အများအပြားကူညီပေးခဲ့သေးတဲ့အထိ မန်စီးတီးရဲ့ကြွယ်၀ မှုက လူတိုင်း စိတ်ဝင်စားခဲ့ကြတယ်။

ဒါပေမဲ့ အမှားများတဲ့ပြိုင်ပွဲမှာတော့ သူတို့တွေ အရင်ဆုံးအထိနာတဲ့ အသင်းတွေထဲပါခဲ့တယ်။
ရလဒ်တွေ ဆိုးရွားတာမျိုးမဟုတ်ပေမယ့် အရှုံးပွဲကြုံမှုက ကြောက်လန့်ဖွယ်ဖြစ်ခဲ့တာတွေ ဖြစ်ခဲ့တယ်။
ဒါပေမဲ့ အဲ့ဒီအမှားကို အချိန်ခဏတာအတွင်းမှာ ရအောင်ပြင်ဆင်နိုင်တဲ့လူဟာ ဂွါဒီယိုလာဖြစ်နေတယ်။
အဓိကဒေါက်တိုင်တွေ အရွယ်ကြောင့် အသင်းမှာမရှိတော့တဲ့အခါမှာ အသင်းအထိနာမှုအချို့ ရှိနေခဲ့တာတောင် ပြင်ဆင်ရှေ့ဆက်ရမယ့် စနစ်အသစ်တစ်ခုရဲ့အရွေ့ကို ရှိတာနဲ့ ပြင်ဆင်ခဲ့တယ်။
ဒါကြောင့်လည်း အသင်းကနေ ထွက်သွားကြတဲ့ ယာယာတိုရေးနဲ့ ဒေးဗစ်ဆေးလ်ဗားအပြင် အရွယ်နဲ့ကြံ့ခိုင်မှုကြောင့် ခြေစွမ်းကျလာတဲ့ ဖာနန်ဒင်ညိုနဲ့ အဂွေရိုတို့လို ကစားသမားတွေနေရာမှာ လူသစ်တွေ အစားထိုးပြီး ပြင်ဆင်စရာရှိတာကို အမှားတွေကြားထဲကနေ ရအောင်ပြင်ဆင်ခဲ့တယ်။
ဒဏ်ရာရ ကစားသမားတွေ နေရာမှာလည်း ရှိတာနဲ့ ပြင်ဆင်သလို အရန်အင်အားတောင့်တင်းမှုကို အခြေခံပြီး နိုင်ရမယ့်ပွဲတွေကို မရမကနဲ့ အထိမိဆုံး အနိုင်တိုက်ခဲ့တာက အခုလိုမျိုး ရလဒ်ကောင်းပြီး ပွဲဆက်တွေ မရှုံးအောင် ရပ်တည်ထားနိုင်တဲ့ မန်စီးတီးရဲ့ထိပ်ဆုံးရောက် တစ်ကျော့ပြန် ခြေမှန်ရနေတာက သက်သေဖြစ်နေတယ် မဟုတ်ပါလား။
မန်စီးတီးခြေစွမ်းဟာ အကောင်းစား အနေအထားတစ်ခုကိုတော့ မရောက်လာသေးဘူး။
ဒါပေမဲ့ စိတ်ဓာတ်နဲ့ ယုံကြည်မှုအပြင် တိုးနိုင်တဲ့ ကစားသမားတွေ၊ ထိုးစစ်ကို အုံလိုက်ကျင်းလိုက်နဲ့ ဘောလုံးပိုင်ဆိုင်မှုကို မရမက အသာရအောင် ဖန်တီးယူရင်း ဂွါဒီယိုလာရဲ့ စိတ်ကြိုက် ကစားဟန်ဖြစ်တဲ့ ၄-၃-၃ ကစားကွက်အောက်မှာ ကစားသမားတွေက ဘာပြီးရင် ဘာလုပ်ရမယ်ဆိုတာ အသားကျလာပြီ။
ဒီဘရိုင်း ရှိတုန်းက အနေအထားက တစ်မျိုး၊ ဒီဘရိုင်း ဒဏ်ရာရနေတဲ့အချိန်မှာ အခြေအနေတစ်ဖုံ ဖြစ်လာပေမယ့် မန်စီးတီးရဲ့ကစားဟန်ကတော့ ပြိုင်ဘက်တွေအပေါ်မှာ လွှမ်းမိုးမှု အားကောင်းနေဆဲ ဖြစ်နေတယ်။

လီဗာပူး၊ ဆွမ်ဆီးနဲ့ စပါးစ်ကို ကစားသွားတဲ့ ခြေစွမ်းတွေသာမက အဲ့ဒီမတိုင်ခင် ရုန်းပြနေတဲ့ ပုံစံတွေကလည်း အသင်းလိုက်ယုံကြည်မှုကို ပြန်တည့်မတ် တည်ဆောက်နိုင်နေတယ်ဆိုတာ တွေ့ရမယ်။
စတာလင်း ခြေမှန်ရနေသလို ဂိုးတွေလည်း ဆက်နေတယ်။
ပြီးတော့ ဒဏ်ရာကင်းစင်နေတဲ့ အနေအထားမှာ မန်စီးတီး လမ်းပတ်အသစ် ပြန်ရထားသလို၊ ဘားလက်ပဲ ပြန်မြင်နေရသလိုမျိုး ဂန်ဒိုဂျန်တစ်ယောက်ကလည်း တိုက်စစ်ရောခံစစ်မှာပါ တစ်ကွင်းလုံးအနှံ့ လိုက်ပါကစားနေပြီး ဒေါ့မွန်မှာ မြင်ခဲ့ရတဲ့ ပုံစံဟောင်းတွေ အခု မန်စီးတီးကွင်းလယ်မှာ ပြန်တွေ့နေရတယ်။
သူ့အနေနဲ့ ဒဏ်ရာ ပြန်မထိသွားဖို့ အခုအချိန်မှာ လိုတယ်။
စပါးစ်နဲ့ပွဲမှာ ဒဏ်ရာထိသွားတာရှိပေမယ့် နောက်ပွဲတွေအတွက်တော့ ပြန်လာနိုင်ဖို့ မျှော်တယ်။
ပွဲဆက်တွေလည်း များနေတဲ့အတွက် ဒဏ်ရာမကြာခဏရတတ်တဲ့ သူ့အတွက်ကိုတော့ စိတ်ပူနေမိတာ အမှန်ပဲ။
လောလောဆယ်တော့ ဒုတိယနေရာက မန်ယူနိုက်တက်နဲ့ တတိယနေရာက လက်စတာကို မန်စီးတီးက ၇ မှတ်အထိ ဖြတ်ချထားနိုင်တယ်။
အပတ်စဉ်တိုင်းမှာလည်း နောက်ကလိုက်ဖိအားပေးနေတဲ့ ပြိုင်ဘက်တွေဟာ အကြောင်းကြောင်းကြောင့် အမှားတွေလုပ်ပြီး အရှုံးနဲ့ ရင်ဆိုင်နေကြရတာတောင် ဂွါဒီယိုလာ လက်ထဲမှာရှိနေတဲ့ မန်စီးတီးက အခုအချိန်အထိ အမှားမရှိသေးဘူး။
လက်စတာနဲ့ စပါးစ်ကို အကြီးအကျယ်ရှုံးနိမ့်ရင်း အရှက်ကွဲခဲ့ရပြီးကတည်းက မန်စီးတီးဟာ သူတို့အလုပ် သူတို့ အမှားမရှိအောင် ပြန်လုပ်လာကြတယ်။
အကောင်းဆုံးတိုက်စစ်ကို အကောင်းဆုံး ခံစစ်ဖြစ်အောင် တည်ဆောက်ယူနေတယ်၊။

စပါးစ်နဲ့ပွဲတုန်းကဆိုရင် မန်စီးတီးရဲ့လုပ်နိုင်စွမ်းဟာ လီဗာပူးနဲ့ပွဲတုန်းကထက် ပိုပြီးတော့ အိမ်ကွင်းစွမ်းဆောင်နိုင်မှု ပိုသပ်ရပ်ကာ ကြည့်ကောင်းနေခဲ့တယ်။
ပထမအကျော့က အရှုံးအတွက်ကြောင့်လည်း ပါပါတယ်။
ဒီပွဲမှာတော့ စပါးစ်ကို ထိထိမိမိထိုးဖောက်ပြီး ရတဲ့အခွင့်အရေးတွေကို ဂိုးရအောင်လို့ ပုံစံမျိုးစုံနဲ့ ဖန်တီးရယူကာ ပေးဂိုးမရှိနဲ့ အစ်တီဟတ်မှာ သူတို့နိုင်ငံတော်ကို ကာကွယ်ခဲ့ပြီး ချိုမြိန်တဲ့ လက်စားချေမှုကိုပါ ပြန်ယူခဲ့တယ်။
ဒီတော့ လက်ထဲမှာရှိနေတဲ့ ၇ မှတ်နဲ့ တစ်ပွဲလျော့အနေအထားမှာ မန်စီးတီးဟာ ဒီရာသီအတွက် ချန်ပီယံဆုဖလားကို ထိထိမိမိယူဖို့ အခွင့်သာနေပြီဖြစ်တယ်။
လီဗာပူး ရှေ့မှာ ဒီလိုမျိုး အမှတ်ဖြတ်ချထားပြီး ဇယားထိပ်ဆုံးကဦးဆောင်ရင်း ရလဒ်ဆိုးရွားမှု ပြဿနာကြောင့် အောက်ပြန်ဆင်းပေးရတဲ့ အခိုက်အတန့်မျိုး မန်စီးတီးကြုံဖို့ဆိုတာ မဖြစ်နိုင်ဘူး။
စိတ်ဓာတ်၊ လူအင်အားနဲ့ စုဖွဲ့မှုဟာ အခြားပရီးမီးယားလိဂ် အသင်းတွေထက်စာရင် မန်စီးတီးက အသာရနေတာကြောင့်ပါပဲ။
ဒီတော့ မန်စီးတီးအနေနဲ့ အပတ်စဉ်တိုင်းမှာ ပွဲကျပ်တွေ ထပ်တိုးလာပြီဖြစ်လို့ သူတို့ယုံကြည်မှုကို လုံးဝအထိအခိုက်မခံဘဲ ရှေ့ဆက်ရင်း ဆုဖလားတွေရှိရာအနားကို အောင်ပွဲနဲ့အတူ တိုးတိုး သွားဖို့ ဂွါဒီယိုလာ ဘယ်လိုပြင်ဆင်ပေးထားဦးမလဲဆိုတာ ကြည့်ရဖို့ ဖြစ်လာပြန်ပါတော့တယ်။