လူတိုင်း ကိုယ့်စိတ်ကြိုက် ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်

လာဇီယိုသို့ ပြောင်းရန် ပြင်ပြီးမှ ဆိုစီဒက်သို့ ပြောင်းရွှေ့သွားခဲ့သည့် ဒေးဗစ်ဆေးလ်ဗားအား လာဇီယိုအားကစားဒါရိုက်တာအက်ဂလီတာရီက ဝေဖန်ခဲ့မှုအား ဆေးလ်ဗား၏ဖခင်က ပြန်လည်တုံ့ပြန်လာသည်။ လာဇီယိုအားကစားဒါရိုက်တာအက်ဂလီတာရီက လာဇီယို့ပြောင်းရန် အပြီးသတ်လုနီးပါး အချိန်ကျမှ ဆိုစီဒက်သို့ ပြောင်းသွားခဲ့သည့် ဒေးဗစ်ဆေးလ်ဗားကို ကစားသမားတစ်ဦးအနေဖြင့် လေးစားသော်လည်း လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် လေးစားခြင်းမရှိကြောင်း ပြောဆိုဝေဖန်ခဲ့သည်။ ယခုအခါ ဒေးဗစ်ဆေးလ်ဗား၏ဖခင်ဒေးဗစ်ဂျေမီနက်ဇ်က မိမိတို့မှာ လာဇီယိုနှင့် သဘောတူညီမှုရယူခဲ့ခြင်းမရှိကြောင်းနှင့် လာဇီယို၏ဝေဖန်ပြောဆိုမှုကြောင့် သားဖြစ်သူမှာ အံဩရကြောင်း ပြောကြားသွားခဲ့သည်။

ဂျေမီနက်ဇ်က”လာဇီယိုနဲ့ဆက်သွယ်မှုရှိခဲ့တယ်။ ရီးရဲလ်(ဆိုစီဒက်)နဲ့လည်းရှိတယ်။ ပြီးတော့ အခြားအသင်းတွေနဲ့လည်းရှိတယ်။ နောက်တော့ ကျွန်တော့်သားက ရီးရဲလ်(ဆိုစီဒက်)ကိုရွေးချယ်လိုက်တယ်။ ဘယ်အသင်းနဲ့မှ သဘေတူညီမှုမရယူခဲ့ပါဘူး။ ဒီကလပ်(လာဇီယို)ရဲ့တုံ့ပြန်မှုအပေါ်ကျွန်တော့်သားအရမ်းအံ့ဩနေပါတယ်။ ဘယ်သူမဆို ကိုယ့်စိတ်ကြိုက်ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ လာဇီယိုက သူ့အေးဂျင့်နဲ့ဘဲ စကားပြောခဲ့တာပါ။ ကျွန်တော့်သားနဲ့ပြောခဲ့တာမဟုတ်ပါဘူး။ ဒီတော့ လာဇီယိုက သူ့ကို ဘာကြောင့် ဒီလို ပြောရတာလဲ။ အခြားအသင်းတွေနဲ့လည်း ဆွေးနွေးမှုနဲ့ ရှိနေခဲ့တာပါ”ဟု Radio Marca Donostia ပြောကြားသွားသည်။

ဒေးဗစ်ဆေးလ်ဗားသည် မန်စီးတီးတွင် ဆယ်နှစ်တာကစားပြီးနောက် ယခုနွေတွင် စာချုပ်သက်တမ်းကုန်ဆုံးကာ ဆိုစီဒက်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ၂ နှစ်စာချုပ်ဖြင့် ပြောင်းသွားခဲ့သည်။ သူသည် လာဇီယိုထံမှ ၃ နှစ်စာချုပ်ဖြင့် ကမ်းလှမ်းမှု ရရှိခဲ့သူလည်းဖြစ်သည်။ ဒေးဗစ်ဆေးလ်ဗားက ဆိုစီဒက်ကို ရွေးချယ်ခဲ့ခြင်းမှာ ကစားဟန်ကောင်းမွန်မှုကြောင့် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားထားသည်။

မန်စီးတီးသည် အသင်းအတွက် ၄၃၆ ပွဲကစားကာ ဆုဖလား ၁၄ ကြိမ် ရရှိအောင် စွမ်းဆောင်ပေးခဲ့သည့် ဒေးဗစ်ဆေးလ်ဗားအား လာမည့်နှစ်နွေတွင် အီတီဟတ်ကွင်းတွင် ရုပ်ထု ထုလုပ်ဂုဏ်ပြုသွားမည်ဟု ကြေညာထားသည်။ ဆိုစီဒက်သည် ပြီးခဲ့သည့်ရာသီတုန်းက လာလီဂါတွင် အဆင့် ၆ နေရာတွင် ရပ်တည်နိုင်ခဲ့ကာ ရီးရဲလ်မက်ဒရစ်သို့ ပြန်သွားသည့် အိုဒီဂတ်နေရာတွင် အစားထိုးရန် ကွင်းလယ်ဖန်တီးရှင် ရှာဖွေနေသည့်အသင်းလည်း ဖြစ်သည်။ ၂၀၂၀-၂၁ စပိန်လာလီဂါပြိုင်ပွဲအား စက်တင်ဘာလ ၁၂ ရက်နေ့တွင် စတင်မည်ဖြစ်သည်။

Ref: Radio Marca Donostia

Facebook Comments Box
Facebook Comment