လူစားလဲမှုနောက်ကျတာကို ဆိုးလ်ရှားဖြေရှင်း

ဆီဗီလာအသင်းအား ၂-၁ ဂိုးဖြင့်ရှုံးနိမ့်ကာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်မှ ထွက်ခဲ့ရပြီးနောက် မန်ယူနည်းပြ အိုလေဂန်နာဆိုးလ်ရှားက အသင်း၏ကစားပုံနှင့်ပတ်သက်၍ ကာကွယ်ပြောကြားခဲ့ပြီး လူစားလဲမှု နောက်ကျခဲ့သည်ဆိုသော ဝေဖန်မှုများကိုလည်း ပြန်လည်တုံ့ပြန်လိုက်သည်။


အဆိုပါပွဲတွင် မန်ယူအသင်းသည် ပွဲအစ ၉ မိနစ်မှာပင် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်၏ ပင်နယ်တီသွင်းဂိုးဖြင့် ဦးဆောင်ကစားနိုင်သော်လည်း ချေပဂိုးနှင့်အနိုင်ဂိုးများ ပြန်ပေးခဲ့ရသောကြောင့် ၃ နှစ်ဆက် ဖလားလက်မဲ့ရာသီနှင့် ရင်ဆိုင်ခဲ့ရသည်။


မန်ယူအသင်းသည် ၂၀၁၇ ခုနှစ်တွင် ယူရိုပါလိဂ်နှင့် ကာရာဘောင်းဖ လားရရှိပြီးနောက်ပိုင်း အသင်းသမိုင်းတစ်လျှောက် အဆိုးရွားဆုံး ဖလားလက်မဲ့ရာသီ ၃ ခုနှင့် ကြုံတွေ့လျက်ရှိသည်။


၂၀၁၃ ခုနှစ်တွင် မိုလ်ဒီအသင်းနှင့်အတူ နော်ဝေဖလားရယူပြီးနောက် နည်းပြဘဝ ဖလားအောင်မြင်မှုများနှင့်ဝေးကွာနေသော ဆိုးလ်ရှားက မိမိတို့ အကောင်းဆုံးကစားကာ အခွင့်အရေးများဖန်တီးနိုင်သော်လည်း ဂိုးမရခဲ့၍ စိတ်ပျက်မိသည်ဟု ဆိုသည်။


၎င်းသည် ပွဲချိန် ၈၇ မိနစ်အထိ လူစားလဲမှုပြုလုပ်ခဲ့ခြင်းမရှိသောကြောင့် ဝေဖန်ခံနေရပြီး ဆီဗီလာကမူ လူစားဝင်ကစားသမား လုခ်ဒီဂျောင်၏သွင်းဂိုးဖြင့် ယူရိုပါလိဂ်ဖလား ၆ ကြိမ်မြောက်ပိုင်ဆိုင်ခွင့်ရရန် မျှော်လင့်ခွင့်ရှိလာသည်။


ခြေစွမ်းမပြနိုင်သော ကစားသမားများကို အလျင်အမြန် လူစားလဲမှုပြုလုပ်သင့်သည်ဆိုသော ဝေဖန်မှုများနှင့်ပတ်သက်၍ ဆိုးလ်ရှားက “အဲဒီအချိန်တုန်းက ကျွန်တော်တို့က ပွဲကိုစိုးမိုးနိုင်ပြီး အခွင့်အရေးတွေ အများကြီးရနေတဲ့အချိန်ပါ။ ဒါကြောင့် ဂိုးသွင်းနိုင်ဖို့ကြိုးစားနေတဲ့ ကစားသမားတွေကို ထုတ်ဖို့ဆိုတာ ခက်ခဲပါတယ်” ဟု ပြောသည်။


ထို့ပြင် ၎င်းက ဂိုးများရယူနိုင်မည့်အခွင့်အရေးမှတစ်ဆင့် ဂိုးသွင်းယူနိုင်ခြင်းမရှိမှုအပေါ် စိတ်ပျက်မိပြီး အရှုံးကိုလက်ခံရန် ခက်ခဲသည်ဟု ဆိုသည်။

Ref: bbc

Facebook Comments Box
Facebook Comment