လုံခြုံရေးတွေက မသိလို့ လေ့ကျင့်ရေးကွင်းထဲဝင်ဖို့ စောင့်ဆိုင်းခဲ့ရတဲ့ ဂရီးလစ်ချ်

အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ဂျက်ဂရီးလစ်ချ်သည် အင်္ဂလန်နည်းပြ ဆောက်ဂိတ်၏ ခေါ်ယူမှုကြောင့် လက်ရွေးစင်အသင်းနှင့် ပထမဆုံးအကြိမ် ပူးပေါင်းလေ့ကျင့်ရန် လေ့ကျင့်ရေးကွင်းသို့ လာရောက်ခဲ့သော်လည်း ကွင်းလုံခြုံရေးဝန် ထမ်းများက ၎င်းကို မသိသောကြောင့် ကွင်းအတွင်း ချက်ချင်းမဝင်နိုင်ခဲ့ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြသည်။

အသက် ၂၄ နှစ်အရွယ် ဂရီးလစ်ချ်သည် ယမန်နှစ်ရာသီက ဗီလာအတွက် ခြေစွမ်းပြကစားကာ ပြိုင်ပွဲစုံ ၁၀ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်ပေးနိုင်သောကြောင့် ပရိသတ်များ၏ တစ်ခဲနက်အားပေးမှု ရရှိခဲ့သူဖြစ်သည်။

ထို့ကြောင့် မန်ယူအသင်းက တောင်ပံတွင်သာမက ကွင်းလယ်တိုက်စစ်နေရာတွင်ပါ ကစားနိုင်စွမ်းရှိသည့် ၎င်းကို ခေါ်ယူ နိုင်ရေးအတွက် ကြိုးစားလျက်ရှိသည်။

၎င်းသည် အိုင်ယာလန် ယူ-၂၁ အသင်းအတွက် ကစားခဲ့သော်လည်း ၂၀၁၅ မှစတင်ကာ အင်္ဂလန် ယူ-၂၁ အသင်းအတွက် ပြောင်းလဲကစားခဲ့သည်။

ဆောက်ဂိတ်သည် မူလက အိုက်စလန်၊ ဒိန်းမတ်တို့နှင့် ကစားရမည့် နေးရှင်းလိဂ်ပွဲစဉ်အတွက် ဟယ်ရီဝင့်ခ်နှင့် ရက်ရှ်ဖို့ဒ် တို့ကို ရွေးချယ်ထားသော်လည်း ဒဏ်ရာကြောင့် လက်ရွေးစင်လူစာရင်းမှ နုတ်ထွက်သွားခဲ့၍ ဂရီးလစ်ချ်ကို အင်္ဂလန်အ သင်းကြီးအတွက် ပထမဆုံးအကြိမ် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

လက်ရွေးစင်အသင်းတွင် ပထမဆုံးအကြိမ် ပါဝင်ခွင့်ရသောကြောင့် ဝမ်းသာနေသော ဂရီးလစ်ချ်သည် စိန့်ဂျော့ပါ့ခ်တွင် ယနေ့ပြုလုပ်သည့် အင်္ဂလန်အသင်း၏ လေ့ကျင့်ရေးအစီအစဉ်သို့ လာရောက်ခဲ့စဉ် ကွင်းလုံခြုံရေး ဝန်ထမ်းများက ၎င်း မည်သူမည်ဝါဆိုသည်ကို မသိခြင်းကြောင့် ကွင်းအတွင်း ဝင်ခွင့်မပေးခဲ့ပေ။

လုံခြုံရေးဝန်ထမ်းများက ၎င်းကို ယူ-၂၁ အသင်းကလားဟု မေးမြန်းခဲ့သလို ဘယ်သူမှန်းမသိ၍ ဝင်ခွင့်မပေးနိုင်ကြောင်း ပြောကြားခဲ့သလို ၅ မိနစ်အကြာတွင်မှ အသင်းတာဝန်ရှိသူတစ်ဦးက လာရောက်ဖြေရှင်းပေးမှသာ ကွင်းအတွင်း ဝင်ခွင့်ရကာ အင်္ဂလန်အသင်းသားများနှင့် အတူလေ့ကျင့်ခွင့် ရရှိခဲ့သည်။

Ref:dailymail

Facebook Comments Box
Facebook Comment