လုပ်ခလျှော့ချရေး ဆွေးနွေးမှုတွင် မက်ဆီ အထူးအခွင့်အရေး ရမည်မဟုတ်ဟု ယာယီ ဘာစီလိုနာဥက္ကဌသတိပေး

ဘာစီလိုနာဥက္ကဌကာလက်စ်တပ်စ်ကေးက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကလပ်ဘဏ္ဍာရေးအခြေ အနေ ယိမ်းယိုင်မှုအား ကာကွယ်နိုင်ရေးအတွက် ကစားသမားများနှင့် လုပ်ခလျှော့ချရေး ဆွေးနွေးမှု ပြုလုပ်ရာတွင် လီယွန်နယ်မက်ဆီကို အထူးအခွင့်အရေး ပေးသွားမည် မဟုတ်ကြောင်း ပြောကြားလိုက်သည်။

တပ်စ်ကေးသည် မကြာသေးမီတုန်းက ရာထူးမှ နုတ်ထွက်သွားသည့် ဘာတိုမြူ၏ ဘာစီလိုနာ ဥက္ကဌရာထူးအား ယာယီ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ၎င်းသည် ဥက္ကဌသစ် ရွေးကောက်ပွဲ ပြီးသည်အထိ ဘာစီလိုနာကို ဦးဆောင်သွားမည် ဖြစ်သည်။

ဘာစီလိုနာသည် ကိုဗစ်ကြောင့် အသင်း၏ အမှတ်တရပစ္စည်းဆိုင် ပိတ်ထားရခြင်း၊ ပြတိုက်ပိတ်ထားရခြင်း၊ ကွင်းအတွင်း ပရိသတ် ဝင်ကြည့်ခွင့် မရခြင်းတို့ကြောင့် ဝင်ငွေများ ကျဆင်းလျက်ရှိသည်။ ၎င်းတို့သည် ကစားသမားများအား လုပ်ခလျှော့ချမှု မပြုလုပ်နိုင်လျှင် ဒေဝါခံရမည့် အခြေအနေတွင်ပင် ရှိနေကြောင်း သိရသည်။ ဘာစီလိုနာသည် ဥရောပတွင် လုပ်ခအများဆုံးကလပ်လည်း ဖြစ်နေသည်။

တပ်စ်ကေးက “ကျွန်တော်တို့ သဘောတူညီမှု ရနိုင်မယ်လို့ ထင်ပါတယ်။ ဘယ်သူ့ငွေကိုမှ မလိုချင်ပါဘူး။ လက်ရှိအခြေအနေမျိုးမှာ လုပ်ခညှိနှိုင်းမှုလိုအပ်နေပါတယ်။ မက်ဆီအတွက် ဆိုပြီး အထူးပြုပြီးတော့လည်း မလုပ်ပါဘူး။ တစ်ဦးချင်းစီ လိုက်ပြီး ညှိနှိုင်းမှု လုပ်မှာ မဟုတ်ပါဘူး။ အသင်းမှာ ရှိတဲ့ ဝန်ထမ်းအားလုံး၊ အလုပ်သမားအားလုံး ကျေနပ်စရာ အနေအထားမျိုးဖြစ်အောင် ညှိနှိုင်းသွားပါမယ်”ဟု ပြောကြားသွားသည်။

ဘာစီလိုနာကစားသမားများက နိုဝင်ဘာလ ၅ ရက်နေ့ကို နောက်ဆုံးထားကာ လုပ်ခလျှော့ချရေးအတွက် ဆွေးနွေးမှု အပြီးသတ်ရန် ဘာစီလိုနာကို ပြောကြားထားသည်။ စပိန်အလုပ်သမားဥပဒေအရ ကစားသမားများအနေဖြင့် ကလပ်ဘက်က စာချုပ်ပါ ခံစားခွင့်ကို အပြည့်အဝ မပေးလာလျှင် စာချုပ်ဖျက်သိမ်းခွင့် ရှိနေရာ ဘာစီလိုနာအနေဖြင့် လုပ်ခလျှော့ချရေးအတွက် အတင်းအကြပ်လုပ်ဆောင်နိုင်ခြင်း မရှိချေ။ လက်ရှိအချိန်တွင် ဘာစီလိုနာကစားသမားများဖြစ်ကြသည့် လင်ဂလက်၊ ပီကေး၊ ဒီဂျောင်နှင့် တာစတီဂန်တို့က လုပ်ခလျှော့ယူရန် သဘောတူညီထားသည်။

Facebook Comments Box
Facebook Comment