လုပ်ခလျှော့ချရေး ကလပ်ဘက်က ဖိအားပေး လုပ်ဆောင်လာလျှင် စာချုပ်ဖျက်သိမ်းရန် ဘာစီလိုနာကစားသမားတို့ လုပ်ဆောင်မည်

ဘာစီလိုနာကစားသမားများသည် ကလပ်ဘက်ကသာ လုပ်ခလျှော့ချရေး ဖိအားပေး လုပ်ဆောင်လာပါက စာချုပ်ဖျက်သိမ်းကာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာရေး လုပ်ဆောင်သွားရန် စီစဉ်ထားကြကြောင်း သိရသည်။ ဘာစီလိုနာသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရိသတ်များ ကွင်းအတွင်း ဝင်ရောက် ကြည့်ခွင့်မရမှုနှင့်အတူ ဝင်ငွေ လျှော့ကျလျက်ရှိပြီး အသင်းရှိကစားသမားများကိုသာမက ကွင်းပြင်ပဝန်ထမ်းများကိုလည်း လုပ်ခလျှော့ချရန် စီစဉ်နေသည်။

ဘာစီလိုနာသည် လာမည့် နှစ်ပတ်အတွင်းတွင် အသင်းအတွင်း ဆွေးနွေးမှုများ ပြုလုပ်ကာ လုပ်ခလျှော့ချရေးကို ဆုံးဖြတ်သွား မည်ဖြစ်သည်။ တကယ်တော့ ဘာစီလိုနာတာဝန်ရှိသူများမှာ အသင်းရှိ ကွင်းတွင်း/ကွင်းပြင်ဝန်ထမ်းများနှင့် လုပ်ခလျှော့ချရေး ဆွေးနွေးလာခဲ့သည်မှာ စက်တင်ဘာလနှောင်းပိုင်းကတည်းက ဖြစ်ပြီး နောက်နှစ်ပတ်အတွင်းတွင် ဆုံးဖြတ်ရန် စီစဉ်ထားသည်။

သို့ရာတွင် အလုပ်သမားများအနေဖြင့် အလုပ်သမားစည်းမျဉ်းအရ အလုပ်ရှင်ဘက်က လုပ်ခလျှော့ချရန် ကြိုးပမ်းလာပါက စာချုပ်ကို ဖျက်သိမ်းနိုင်သည့် အချက်ပါဝင်နေရာ ဘာစီလိုနာကစားသမားများအနေဖြင့် ကလပ်ဘက်က လုပ်ခလျှော့ချရန် ဖိအားပေး လုပ်ဆောင်လာပါက စာချုပ်ကို ဖျက်သိမ်းခွင့်ရှိနေသည်။

အကယ်၍ ဘာစီလိုနာ ကစားသမားများအနေဖြင့် ကလပ်ဘက်က လုပ်ခလျှော့ချရန် ကြိုးပမ်းလာပါက အလုပ်သမားစည်းမျဉ်းကို ချုပ်ကိုင်ကာ စာချုပ်ဖျက်သိမ်းလာပါကလည်း ယင်းမှာ အားကစားသမားများအနေဖြင့် အလုပ်သမားစည်းမျဉ်းအသုံးချကာ စာချုပ်ဖျက်သိမ်းရန် ပထမဆုံးအကြိမ် ကြိုးပမ်းမှု ဖြစ်လာမှာ မဟုတ်ချေ။

ယင်းစည်းမျဉ်းအရ ကစားသမားများအနေဖြင့် မည်သည့်ကာလတွင်မဆို စာချုပ်ကို ဖျက်သိမ်းနိုင်ရာ စိတ်ကြိုက် ထွက်ခွာနိုင်ခွင့်ရှိနေသည်။

အကယ်၍ ကစားသမားများဘက်က ယင်းအလုပ်သမားစည်းမျဉ်းကို ချုပ်ကိုင်လာမည်ဆိုပါက ဘာစီလိုနာအနေဖြင့် ကစားသမားများအား လုပ်ခလျှော့ချနိုင်ရန် ခက်ခဲလာရန် သေချာနေသည်။

လက်ရှိအချိန်တွင် ဘာစီလိုနာဒုဥက္ကဌမွိုက်စ်က ဘာစီလိုနာမှာ လုပ်ခလျှော့ချရန် စီစဉ်နေသော်လည်း အသင်းရှိကစားသမားများကို လုပ်ခလျှော့ချရန် မလိုအပ်သေးကြောင်း ပြောကြားထားသည်။

Facebook Comments Box
Facebook Comment