လီဝီဂယက်

ဘိုင်ယန်မြူးနစ်သည် အဓိကတိုက်စစ်မှူး ရောဘတ်လီဝမ်ဒေါစကီးကို လက်မလွှတ်ရရေး ကြိုးစားနေသော်လည်း အကယ်၍ ဆုံးရှုံးခဲ့ရပါက အစားထိုးမည့် ကစားသမား ၄ ဦးစာရင်းကို ပြုစုထားကြောင်း ဂျာမန်သတင်းစာ Bild က ဖော်ပြသည်။

၃၃ နှစ်အရွယ် ပိုလန်ကပ္ပတိန်သည် လာမည့်ရာသီအကုန်တွင် မြူးနစ်အခြေစိုက်ကလပ်နှင့် စာချုပ်ကုန်ဆုံးမည်ဖြစ်ပြီး ဘာစီလိုနာက ယခုနွေ၌ ခေါ်ယူရန် ကြိုးစားနေသည်။

အသုံးစရိတ်လျှော့ချနေရသော ကတ်တလန်ကလပ်သည် လီဝမ်ဒေါစကီးကို လျှော့စျေးဖြင့်ခေါ်ယူလိုနေပြီး ဘိုင်ယန်စီအီးအို အိုလီဗာခန်းကမူ စာချုပ်သစ်ဆွေးနွေးမှုက မကြာမီ ဖြစ်ပေါ်လာမည်ဟု ဆိုသည်။

ဘာစီလိုနာသည် ယခုရက်သတ္တပတ်များအတွင်း လီဝမ်ဒေါစကီး၏ ကိုယ်စားလှယ်များနှင့် ပဏာမဆွေးနွေးမှုများပြုလုပ်ထားပြီး ညှိနှိုင်းမှုက လာမည့်ရက်ပိုင်းအတွင်း ဆက်လက်ဖြစ်ပေါ်နေဦးမည်ဟု Bild က သုံးသပ်သည်။

ထို့ကြောင့် ဘိုင်ယန်တာဝန်ရှိသူများသည် ၎င်းတို့၏ဂိုးသွင်းစက်ကို ဆုံးရှုံးရပါက အစားထိုးနိုင်ရေးအတွက် ထိပ်တန်းကစားသမား ၄ ဦးကို ပစ်မှတ်ထားနေရာ ချဲလ်ဆီးတိုက်စစ်မှူး လူကာကူလည်း ပါဝင်နေသည်။

ဘယ်လ်ဂျီယံသားသည် ယခုရာသီမစမီ ချဲလ်ဆီးသို့ပြန်လည်ရောက်ရှိလာသော်လည်း ပုံမှန်ခြေစွမ်းပျောက်ဆုံးနေသောကြောင့် ဝေဖန်ခံနေရသည်။

ဘိုင်ယန်သည် လူကာကူအပြင် လေဗာကူဆင်မှ ချက်တိုက်စစ်မှူး ပက်ထရစ်ရှစ်ခ်၊ ဘင်ဖီကာမှ ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူနက်ဇ်၊ အေဂျက်စ်မှ အိုင်ဗရီကို့စ်တိုက်စစ်မှူး ဆီဘက်ရှန်ဟော်လာတို့ကိုလည်း စောင့်ကြည့်နေသည်။

Ref:Bild

Facebook Comments Box
Facebook Comment