လီယွန်နယ်မက်ဆီနှင့် တွေ့ဆုံခြင်း

အပြောင်းအရွှေ့သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်လာပြီးနောက် ယခုအခါ ဘာစီလိုနာ အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီသည် နူးကမ့်အခြေစိုက် ကလပ်တွင် ယခုဘောလုံးရာသီ ပြီးဆုံးသည်အထိ ဆက်ကစား သွားမည်ဖြစ်သည်။

စာချုပ်ပြည့်ချိန်တွင်မူ ကြိုက်နှစ်သက်ရာ အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် လွတ်လွတ်လပ်လပ် သွား ရောက်ကစားနိုင်မည် ဖြစ်သည်။

အသင်းပြောင်းမည်ဟု ပြောကြားထားသော ကာလအတွင်း ငယ်မွေးခြံ ပေါက်ကလပ်နှင့် တရားတဘောင် ဖြစ်လာနိုင်သည်အထိ ဖြစ်ပွားခဲ့သော အခြေအနေများနှင့် ပတ်သက်၍ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ၆ ကြိမ် ဆွတ်ခူးထားသော မက်ဆီကို goal.com က သီးသန့် အင်တာဗျူး ပြုလုပ်ခဲ့သည်။

၁၈ မိနစ်ကျော် ကြာမြင့်သော အဆိုပါအင်တာဗျူးထဲမှ အဓိက အကြောင်းအရာများကို ပြန်လည်ဖော်ပြ ပေးလိုက်ပါသည်။

Goal ။ ။ ဒီအကြောင်းအရာတွေကို ပြောပြဖို့ ဘာကြောင့် နှုတ်ဆိတ်နေခဲ့ရတာလဲ.. နောက်ပြီး အခုကျမှ စကားပြောဖို့ ဘာကြောင့် ထွက်လာရတာလဲ?

Messi ။ ။ ပထမဆုံးအနေနဲ့ လစ္စဘွန်းမှာ ရှုံးနိမ့်ခဲ့တာက အရမ်းခက်ခဲပါတယ်။ ဘိုင်ယန်မြူးနစ်က အရမ်းခက်ခဲတဲ့ ပြိုင် ဘက်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ပွဲက ပြီးဆုံးသွားပါပြီ။

ကျွန်တော်တို့ဟာ ဘာစီလိုနာမြို့ရဲ့ဆိုးရွားတဲ့ပုံရိပ်၊ ဘာစီလိုနာအသင်းရဲ့ဆိုးရွားတဲ့ပုံရိပ်တွေကို ပေးသလိုဖြစ်ခဲ့တယ်။ အဲ ဒါ အမှားပဲ။ ဒါကြောင့် ကျွန်တော် အချိန်ဖြုန်းချင်တယ်။ အရာအားလုံးကို ရှင်းလင်းဖို့ ထွက်သွားချင်တယ်။ အဲဒါကြောင့်ပါ။

Goal ။ ။ ဘာစီလိုနာကနေ ဘာကြောင့် ထွက်သွားချင်ရတာလဲ ?

Messi ။ ။ ကလပ်ကိုရော၊ ဥက္ကဋ္ဌကိုရော ပြောထားပြီးသား။ ဒီကနေ ထွက်သွားချင်ပြီလို့။ သူတို့ကို တစ်နှစ်လုံးလိုလို ပြောခဲ့တာ။ ကျွန်တော် ဘေးဖယ်ပေးရမယ့် အချိန်ရောက်ပြီဆိုတာ နားလည်ပါတယ်။

အသင်းက လူငယ်ကစားသမားတွေ၊ ကစားသမားအသစ်တွေ ပိုပြီးလိုအပ်နေတယ်လို့ ကျွန်တော်ယုံတယ်။ ဘာစီလိုနာမှာ ကျွန်တော့်ရဲ့အချိန်တွေ ကုန်ဆုံးသွားပြီလို့ ထင်တယ်။

ကျွန်တော် အရမ်းဝမ်းနည်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကစားသမားဘဝကို ဒီအသင်းမှာပဲ ကုန်ဆုံးမယ်လို့ ကျွန်တော် အမြဲတမ်း ပြောခဲ့တာကြောင့်ပါ။

ဒီနှစ်က အရမ်းခက်ခဲတဲ့ နှစ်ပါ။ လေ့ကျင့်ရေးကွင်း၊ ကစားပွဲနဲ့ အဝတ်လဲခန်းထဲမှာ အရမ်းနာကျင်ခဲ့ရတယ်။ အရာရာတိုင်းက ကျွန်တော့်အတွက် အရမ်းခက်ခဲလာပြီး ရည်မှန်းချက်အသစ်တွေကို ရှာဖွေဖို့ အချိန်ရောက်လာပြီလို့ ကျွန်တော် ထင်တယ်။

ဒါက ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့လို့ ဖြစ်လာတာ မဟုတ်ပါဘူး။ ဒီဆုံးဖြတ်ချက်က လွန်ခဲ့တဲ့ နှစ်အနည်း ငယ်ကတည်းက ရှိခဲ့တာပါ။

ကျွန်တော် ဥက္ကဋ္ဌကို ပြောခဲ့တယ်။ သူက ရာသီကုန်ချိန်ကျရင် ဆက်ပဲကစားကစား၊ ဘယ်ကိုပဲပြောင်းပြောင်း ကြိုက်သ လို ဆုံးဖြတ်လို့ ကျွန်တော့်ကို ပြောတယ်။ အဆုံးမှာတော့ သူပေးထားတဲ့ကတိကို သူ မတည်ခဲ့ပါဘူး။

Goal ။ ။ အထီးကျန်နေတယ်လို့ ခံစားနေရလား ?

Messi ။ ။ မဟုတ်ဘူး…။ တစ်ယောက်တည်း အထီးကျန်နေတယ်လို့ မခံစားရပါဘူး။ ကျွန်တော့်အနားမှာ အမြဲရှိနေတဲ့သူ တွေ ရှိတယ်။ ဒါက ကျွန်တော့်အတွက် လုံလောက်ပြီး ခွန်အားလည်း ဖြစ်စေပါတယ်။

ဒါပေမဲ့ ဘာစီလိုနာအပေါ် ကျွန်တော် ကတိကဝတ် ပြုခဲ့တာတွေနဲ့ ပတ်သက်လို့ ဂျာနယ်လစ်တွေ၊ လူတွေဆီက ပြန်ကြားရတဲ့ စကားတွေကြောင့် နာကျင်ရပါတယ်။ ဒါတွေက မထိုက်တန်ဘူးလို့ ကျွန်တော်ထင်တယ်။ လူတွေ အမှန်တရားကို သိ မြင်လာအောင် ကျွန်တော့်ကို ကူညီပေးပါ။

လူလိမ်လူညာတွေ၊ လူအတုအယောင်တွေကြောင့် ဘောလုံးလောက က အရမ်းခက်ခဲလာတယ်။ ကျွန်တော့်ဖြစ်ရပ်က လူ လိမ်လူညာတွေကို အသိအမှတ်ပြုသလို အထောက်အကူ ဖြစ်စေခဲ့တယ်။ ဒီကလပ်အပေါ် ထားရှိတဲ့ ကျွန်တော့်ရဲ့ ချစ်မြတ်နိုးမှုကို မေးခွန်းထုတ်ခံရတဲ့အတွက် နာကျင်ရပါတယ်။

အသင်းမှာပဲ နေနေ၊ ဘယ်ကိုပဲ ပြောင်းပြောင်း ဘာကာအပေါ် ထားရှိတဲ့ ကျွန်တော့်ရဲ့ချစ်ခြင်းကတော့ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။

Goal ။ ။ အားလုံးကတော့ ပြောနေကြတာပဲ… ပိုက်ဆံကြောင့်၊ မိတ်ဆွေတွေကြောင့် ဆိုပြီး… ဘာကာဂျာစီကို အနှစ် ၂၀ လောက် ဝတ်ဆင်လာတဲ့ ကာလအတွင်း အကြီးအကျယ် စိတ်ထိခိုက်ရတာတွေက ဘာတွေများလဲ ?

Messi ။ ။ ပြောကြတာပါပဲ။ ကျွန်တော်က အရာအားလုံးထက် ကလပ်ကို ရှေ့မှာထားတယ်။ ဘာကာကနေ ထွက်ခွာနိုင် ခြေတွေလည်း အကြိမ်အများကြီး ရှိခဲ့တယ်။

ပိုက်ဆံလား ? နှစ်တိုင်း အသင်းကသာထွက်ခဲ့.. ဘာကာထက် လစာပိုပေးမယ်ဆိုတဲ့ အသင်းတွေ အများကြီးပဲ။ ဒီကလပ်က ငါ့အိမ်လို့ ကျွန်တော် အမြဲတမ်းပြောခဲ့တာပဲ။

ဒီကလပ်ထက် ပိုကောင်းတဲ့နေရာ ရှိတယ်ဆိုတာ ဆုံးဖြတ်ဖို့ကတော့ ခက်တယ်။ ဒါပေမဲ့လည်း ပန်းတိုင်အသစ်တွေ၊ အသစ်အသစ်တွေကို ရှာဖွေဖို့ လိုအပ်နေပြီဆိုတာကိုတော့ ကျွန်တော် ခံစားမိတယ်။

Goal ။ ။ နောက်ဆုံးမှာတော့ နှစ် ၂၀ ကြာ တစ်ဘဝလုံး မြှုပ်နှံလာတဲ့ ကလပ်ကို စွန့်ခွာဖို့ဆိုတာ အရမ်းခက်ပါတယ်။ မိသားစုကလည်း ဘာစီလိုနာမှာ ရှိနေတာဆိုတော့ ဆုံးဖြတ်ချက်ချတဲ့အခါ ပိုပင်ပန်းမှာပဲ။

Messi ။ ။ သိပ်မှန်တာပေါ့။ ဆုံးဖြတ်ဖို့ အရမ်းခက်ခဲခဲ့တယ်။ ဘိုင်ယန်ပွဲရလဒ်ကြောင့် ဖြစ်လာတာ မဟုတ်ဘူးနော်။ ဒီဆုံးဖြတ်ချက်က အကြောင်းအရာပေါင်း များစွာကနေ ဖြစ်ပေါ်လာတာပါ။

ဒီမှာပဲ အဆုံးသတ်မယ်၊ ဒီမှာပဲ ဆက်နေမယ်လို့ ကျွန်တော် အမြဲပြောခဲ့ပါတယ်။ အနိုင်ရတဲ့ စီမံကိန်းတွေ လိုချင်တယ်။ ဒီကလပ်နဲ့အတူ ဆုဖလားတွေ လိုချင်တယ်။ ဘာကာရဲ့ဂန္ထဝင်ဖြစ်မှုကိုလည်း ဆက်လက်တိုးချဲ့ချင်တယ်။

အမှန်တရားကတော့ ဒီမှာ ဘာစီမံကိန်းမှလည်း မရှိ၊ အရာအားလုံး ဘာမှမရှိတာ ကြာ နေပါပြီ။ သူတို့တွေက အပေါက်တွေကို ဖုံးထားကြတာ။ ပြောခဲ့သလိုပဲ ကျွန်တော်က မိသားစုနဲ့ ကလပ်ကောင်းကျိုးအတွက် အမြဲ စဉ်းစားခဲ့တာပါ။

Goal ။ ။ ဘာစီလိုနာက ထွက်ခွာနိုင်တယ်လို့ မိသားစုကို ပြောတဲ့အခါ ခင်ဗျားရဲ့မိသား စုက ဘာပြန်ပြောလဲ ?

Messi ။ ။ အသင်းက ထွက်ချင်တယ်လို့ မိန်းမနဲ့ ကလေးတွေကို ပြောတဲ့အခါ ဒါက တ ကယ့်ကို ရက်စက်တဲ့ ဒရာမာတစ်ပုဒ် ဖြစ်တော့တာပဲ။ တစ်မိသားစုလုံး ငိုကြတယ်။

ကလေးတွေလည်း ဘာစီလိုနာက မပြောင်းချင်သလို ကျောင်းလည်း မပြောင်းချင်ကြ ဘူး။ ကျွန်တော် အမြင့်ဆုံးအဆင့်မှာ ကစားချင်သေးတယ်။ ဆုဖလားတွေလည်း လိုချင်တယ်။ ချန်ပီယံလိဂ်မှာလည်း ကစားချင်တယ်။

အနိုင်အရှုံးကတော့ ရှိမှာပဲ။ ဘာကြောင့်လဲဆိုတော့ အရမ်းခက်ခဲလို့ပဲ။ ဒါပေမဲ့လည်း ခင်ဗျားအနေနဲ့ ယှဉ်ပြိုင်နေရမှာပဲ။

ကျွန်တော် ပြောခဲ့ပြီးပါပြီ။ အလွတ်ထွက်ခွာခွင့် ရမယ်လို့ ထင်ခဲ့တယ်။ ဥက္ကဋ္ဌကလည်း ရာသီကုန်ချိန်ကျရင် ကြိုက်တာလုပ်လို့ အမြဲပြောခဲ့တယ်။

အခု သူတို့က ကျွန်တော် မပြောခဲ့တဲ့ ဇွန် ၁၀ ရက်ဆိုတာကိုပဲ စွဲကိုင်ထားကြတယ်။ ဇွန် ၁၀ ရက်ဆိုတာ ကျွန်တော်တို့ လာလီဂါ ယှဉ်ပြိုင်နေရတုန်း၊ ကြောက်စရာကောင်းတဲ့ ကိုရိုနာဗိုင်းရပ်စ်ကာလ၊ ဘောလုံးရာသီကလည်း အပြောင်းအလဲဖြစ်ခဲ့တဲ့ ကာလပဲ။

ဒါတွေက အကြောင်းပြချက်တွေပါ။ အခုတော့ ဒီကလပ်နဲ့ ဆက်သွားမယ်။ ဘာကြောင့်လဲဆိုတော့ ဥက္ကဋ္ဌက အသင်းက ထွက်ချင်တယ်ဆိုရင် စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၇၀၀ ပေးမှ ထွက်နိုင်မယ်လို့ ပြောတယ်။ ဒါက မဖြစ်နိုင်တဲ့အရာပဲ။

နောက်တစ်နည်းကတော့ တရားရင်ဆိုင်ဖို့ပဲ။ ဒါပေမဲ့လည်း ဘာကာနဲ့ တရားရုံးမှာ ဘယ်တော့မှ မဖြေရှင်းချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီကလပ်ကို ကျွန်တော်ချစ် တယ်။ ဒီကို စရောက်လာကတည်းက အရာအားလုံး ကျွန်တော့်ကို ပေးခဲ့တယ်။

ဒီကလပ်က ကျွန်တော့်ဘဝ။ ကျွန်တော့်ဘဝကို ဒီမှာတည်ဆောက်ခဲ့တာ။ ဘာကာက အရာအားလုံးပေးသလို ကျွန်တော်ကလည်း အရာအားလုံး ပြန်ပေးဆပ်ခဲ့တယ်။ ဘာကာနဲ့ တရားရုံးမှာ ဖြေရှင်းဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ပါဘူး။

Goal ။ ။ ခင်ဗျားက ဘာစီလိုနာကို နာကျင်အောင် လုပ်နိုင်တယ်လို့ လူတွေက ထင်ကြ တယ်။ ခင်ဗျားဟာ အသင်းကို နှစ်ပေါင်းများစွာ ကာကွယ်ပြီး အက်ဖ်စီဘာစီလိုနာရဲ့ အလံတော်လည်း ဖြစ်ခဲ့တယ်။ ခင်ဗျားပေးခဲ့တဲ့ ကတိကဝတ်တွေက ခင်ဗျားကို နာကျင်စေခဲ့သလား ?

Messi ။ ။ ကျွန်တော့်ကို ဆန့်ကျင်ရေးသားတာတွေ၊ မှားယွင်းတဲ့ အရေးအသားတွေ ကြောင့် နာကျင်ရပါတယ်။ ကျွန်တော်က အကျိုးအမြတ်ရဖို့အတွက် ဘာကာကို တရားစွဲလိမ့်မယ်လို့ သူတို့က ထင်ခဲ့တာ။

ကျွန်တော် ဘယ်တော့မှ အဲဒီလိုမလုပ်ပါဘူး။ ထပ်ပြောပါမယ်။ ကျွန်တော့်ရပိုင်ခွင့်အ တွက် ဆက်သွားမှာပါ။ ဘာကြောင့်လဲဆိုတော့ စာချုပ်ထဲမှာ ထွက်ခွာနိုင်တယ်လို့ ပါ ပြီးသားပဲလေ။

ဒါပေမဲ့ အခုတော့ ဒီလိုမဟုတ်တော့ဘူး။ ထွက်ချင်ရင် ပိုက်ဆံအများကြီး ကုန်မယ့်သ ဘော ဖြစ်သွားတယ်။

ကျွန်တော့်ရဲ့နောက်ဆုံးရာသီကို ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ကစားသွားချင်တယ်။ အခုနောက်ပိုင်း ဒီကလပ်မှာ ပျော်ရွှင်မှုဆိုတာ မရှိခဲ့ဘူးလေ။

Goal ။ ။ ပျော်ရွှင်ဖို့က အရမ်းအရေးကြီးပါတယ်။ ခင်ဗျားက အောင်မြင်ဖို့အတွက် မွေးဖွားလာတဲ့သူ။ အသင်းနဲ့အတူ ဆုဖလားတွေရဖို့ ယှဉ်ပြိုင်နေရတယ်။ ဒီဘက်နှစ်ပိုင်းတွေမှာတော့ ဘာကာဟာ ဥရောပမှာ ယှဉ်ပြိုင်နိုင်စွမ်း မရှိခဲ့ဘူး။

ခင်ဗျားက ဘာကာကို ဦးဆောင်နေတဲ့သူဆိုတော့ အခုအချိန်မှာ အသင်းကို တစ်ခုခု ပြောင်းလဲဖို့ လိုနေပြီလား။

Messi ။ ။ ကျွန်တော် ဘာကာနဲ့ဆက်သွားမယ်။ အသင်းက ထွက်ခွာချင်နေပေမယ့်လည်း ကျွန်တော့်ခံယူချက်ကတော့ မပြောင်းလဲပါဘူး။ အကောင်းဆုံး ပေးဆပ်သွားမှာပါ။

အမြဲတမ်း အနိုင်ရချင်တယ်။ ယှဉ်ပြိုင်သူတစ်ဦး ဖြစ်တာကြောင့် ရှုံးနိမ့်တာကို မကြိုက်ဘူး။ ကလပ်အတွက် အမြဲတမ်း အကောင်းဆုံးတွေပဲ ပေးချင်တယ်။ အဝတ်လဲခန်း အတွက်ရော၊ ကျွန်တော့်အတွက်ရောပေါ့။

ချန်ပီယံလိဂ်မှာ အနိုင်ရဖို့ ထောက်ပံ့မှု ကောင်းကောင်းမရနိုင်တုန်းက ဒီဆုဖလားကိုရဖို့ မလွယ်ဘူးလို့ ကျွန်တော် ပြောခဲ့တယ်။ အခုတော့ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန် တော်လည်း တကယ်မသိပါဘူး။

နည်းပြအသစ်၊ အိုင်ဒီယာအသစ်တွေနဲ့ ဆိုတော့လေ။ ဒါက ကောင်းပါတယ်။ ဒါပေမဲ့ အသင်းက ဘယ်လိုတုံ့ပြန်မလဲဆိုတာ ကြည့်ရမယ်။ ကျွန်တော်တို့ ထိပ်တန်းအဆင့်မှာ ပြိုင်နိုင်ပြီလား ဆိုတာကိုပေါ့။

ကျွန်တော် ပြောနိုင်တာကတော့ ဒီမှာ ဆက်ကစားမယ်။ ဘာစီလိုနာအတွက် ကျွန်တော့် ရဲ့အကောင်းဆုံးတွေကို ပေးဆပ်သွားမယ်။

Goal ။ ။ မိသားစုက ခင်ဗျားဘဝမှာ အရေးကြီးမှာပေါ့။ ခင်ဗျားအဖေ၊ ဇနီး၊ ကလေးတွေမှာလည်း ဆိုးရွားတဲ့အချိန်တွေ ရှိခဲ့မှာပဲ။ သူတို့က ခင်ဗျားကို ဘာတွေမေးလဲ၊ ဘာ တွေပြောကြလဲ။

သူတို့ကတော့ မေးမှာပဲ။ သူတို့အဖေကို သတင်းတွေမှာ၊ တီဗွီတွေမှာတွေ့တော့ ဘာဖြစ်တာလဲဆိုပြီး မေးကြမှာပဲ။

Messi ။ ။ ဒီကာလတစ်လျှောက်လုံး လူတိုင်းအတွက် ခက်ခဲပါတယ်။ ကျွန်တော် ဖြစ်ချင်တာနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။

ကျွန်တော့်မိန်းမက နာကျင်မှုတွေ ခံစားနေရတဲ့ ကျွန်တော့်ကို သူ့ရဲ့နှလုံးသားနဲ့ ဘေးနားက အတူရှိနေပေးခဲ့တယ်။

Goal ။ ။ မိသားစုထဲမှာ အရေးအကြီးဆုံးက မာတီယိုလား( ၅ နှစ်အရွယ် သားလတ်)။

Messi ။ ။ ဟား.. ဟား.. ဟုတ်တယ်။ မာတီယိုက ငယ်သေးတယ်။ ဘာကိုဆိုလိုတယ် ဆိုတာ သူ သိပ်မသိသေးဘူး။

သီယာဂို( ၈ နှစ်အရွယ် သားကြီး) ဟုတ်တယ်… သူက အကြီး။ တီဗွီကနေ တစ်ခုခု ကြားရင်၊ ကြည့်မိရင် မေးခွန်းထုတ်တော့တာပဲ။ ကျွန်တော် သူ့ကို အရာအားလုံး မသိစေချင်ပါဘူး။

ကျောင်းထွက်ဖို့၊ ကျောင်းအသစ်မှာနေဖို့၊ သူငယ်ချင်းအသစ်တွေနဲ့ ရဖို့ ဘာမှ မသိစေ ချင်ပါဘူး။ သူက ကျွန်တော့်ကို ငိုပြီးပြောတယ်။ ထွက်မသွားနဲ့လို့ ပြောတယ်။ ကျွန် တော်က ထပ်မေးတော့ ဒီအတိုင်းပဲ ပြန်ပြောတယ်။ အဲဒါ အမှန်ပါပဲ။

ဒါက နားလည်ရလွယ်ပါတယ်။ ဒါကြောင့် ဆုံးဖြတ်ချက်ချဖို့ အရမ်းခက်ခဲခဲ့ပါတယ်။

Goal ။ ။ ခင်ဗျားက ဘာကာမှာ အနှစ် ၂၀ ရှိခဲ့တယ်။ ဘဝတစ်ခုလုံးပဲပေါ့။ ခင်ဗျား က လေးတွေအရွယ်မှာပဲ ဒီကိုရောက်လာတယ်။ ဒါမျိုးက ခက်ခဲပါတယ်။

လူတွေသိချင်နေတဲ့ အခြေခံကျကျ အချက် နှစ်ချက်ရှိတယ်။ ခင်ဗျားက ဘာကာမှာ ဆက်နေပြီး အသင်းကို နောက်တစ်ကြိမ် ဦးဆောင်မယ်။ ဒါက ဘာကာပရိသတ်တွေရဲ့အနာဂတ်အတွက် အကောင်းမြင်တဲ့ မက်ဆေ့ချ်လား ?

Messi ။ ။ အရင်လိုပါပဲ။ ကျွန်တော့်ရဲ့ အကောင်းဆုံးအရာတွေကို ပေးဆပ်မယ်။ ရည်မှန်းချက်အားလုံး၊ မျှော်လင့်နိုင်စရာ ဆုဖလားအားလုံးအတွက် အကောင်းဆုံး ကြိုးစားသွားမယ်။

ဒီနှစ်က ကျွန်တော့်အတွက် ဆိုးရွားတဲ့အချိန်တွေ ရှိခဲ့တယ်။ ဒါပေမဲ့ ဒါဟာ ကိုရိုနာဗိုင်း ရပ်စ်ကြောင့် ခံစားရသူတွေ၊ ဆွေမျိုးတွေ ဆုံးရှုံးခဲ့ရသူတွေ၊ များစွာသောအရာတွေ ဆုံးရှုံးခဲ့ရသူတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ ဟန်ဆောင်မှုပဲပေါ့။

အကောင်းဆုံးပေးဆပ်ပြီး ဆုဖလားတွေး အားလုံးရဖို့ ကြိုးစားသွားမယ်လို့ မျှော်လင့် ထားပါတယ်။ ဒါတွေက ကျွန်တော်တို့နဲ့ အတူရှိနေတဲ့သူတွေ၊ သူတို့ မိသားစုတွေ၊ ဆိုးရွားတဲ့အချိန်တွေ ရှိခဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။

Ref:goal

Facebook Comments Box
Facebook Comment