လီယွန်နယ်မက်ဆီ၏ဘာစီလိုနာကစားသမားဘဝ တကယ်ကုန်ဆုံးပြီ

ဘာစီလိုနာက အသင်းခေါင်းဆောင်လီယွန်နယ်မက်ဆီသည် စာချုပ်ဖျက်သိမ်းကာ ယခုနွေရာသီတွင် အသင်းမှထွက်ခွာလိုကြောင်း ပြောကြားထားကြောင်း အတည်ပြုလာပါသည်။ AP သတင်းဌာနက ဘာစီလိုနာအသင်းမှ တာဝန်ရှိသူများက ယင်းသတင်းကို တိုက်ရိုက်ဆက်သွယ်ကာ အတည်ပြုလာခြင်းဖြစ်ကြောင်း ရေးသားသွားသည်။ မက်ဆီသည် ဘာစီလိုနာမှ ထွက်ခွာလိုကြောင်းကို စာရွက်စာတမ်းများဖြင့် အကြောင်းကြားလာခြင်းလည်းဖြစ်သည်။

ယခုအခါ ဘာစီလိုနာထံသို့ ထွက်ခွာလိုကြောင်းမှုကို မက်ဆီက ပြုလုပ်ထားပြီဖြစ်ကြောင်း စပိန်၊ အာဂျင်တီးနားနှင့် တစ်ကမ္ဘာလုံးမှ မီဒီယာများက ဖော်ပြနေကြပြီဖြစ်သည်။

မက်ဆီသည် ဘာစီလိုနာတွင် ကစားစဉ်ကာလအတွင်းမှာ ရွှေဘောလုံးဆုကို ခြောက်ကြိမ်တိုင်တိုင် ဆွတ်ခူးထားနိုင်သူဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်ခုလုံးကို နျူးကမ့်တွင် ကုန်ဆုံးလာသူလည်းဖြစ်ကာ ဘောလုံးသမိုင်းတွင် အကြီးကျယ်ဆုံးကစားသမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။

အသက် ၃၃ နှစ်ရှိ မက်ဆီ၏စာချုပ်အတွင်းတွင် မည်သည့်အကြောင်းပြချက်မျိုးနှင့်မဆို ထွက်ခွာနိုင်သည့်အချက်ပါဝင်နေကြောင်း သိရသည်။ ယင်းစာချုပ်ပါအချက်မှာ ဇွန်လတွင် ကုန်ဆုံးခဲ့ပြီဖြစ်သော်လည်း မာကာ၏ဖော်ပြချက်အရ ၂၀၁၉-၂၀ ရာသီကုန်ဆုံးသည့်အထိ သက်တမ်းတိုးထားကြောင်း သိရသည်။

မက်ဆီသည် ဘာစီလိုနာအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၇၃၁ ပွဲကစားကာ ၆၃၄ ဂိုး သွင်းယူထားသည်။ ယခုအခါ သူသည် ဘာစီလိုနာနှင့်စာချုပ်ဖျက်သိမ်းကာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် အခြားကလပ်တစ်ခုသို့ ပြောင်းတော့မည်ဖြစ်သည်။

လက်ရှိအချိန်တွင် မက်ဆီအား ခေါ်ယူရန် အင်တာမီလန်၊ ပီအက်စ်ဂျီ၊ မန်စီးတီးတို့က စိတ်ဝင်စားလျက်ရှိပြီး ဆရာဟောင်းဂွါဒီယိုလာရှိနေသည့် မန်စီးတီးက ခေါ်ယူရန် ရေပန်းအစားဆုံးဖြစ်နေသည်။

Ref: AP

Facebook Comments Box
Facebook Comment