လီယွန်နယ်မက်ဆီကို ထွက်ခွာခွင့်မပေးရန် ဘာစီလိုနာကို ရော်နယ်ဒို သတိပေး

ဘာစီလိုနာဂန္ထဝင်ကစားသမားရော်နယ်ဒိုက ကတ်တလန်ထိပ်သီးအနေဖြင့် ယခုနွေရာသီတွင် လီယွန်နယ်မက်ဆီကို ထိန်းထားနိုင်ရေးအတွက် အစွမ်းကုန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတိပေးပြောကြားလိုက်သည်။


မက်ဆီသည် ၂၀၂၀-၂၁ ရာသီမတိုင်မီ ဘာစီလိုနာမှ ထွက်ခွာရန် သတင်းထွက်နေသူဖြစ်ပြီး ဘာစီလိုနာတွင် ဆက်ရှိနေရန် မသေချာကြောင်း နည်းပြသစ်ရော်နယ်ကိုးမန်းကို ပြောကြားထားကြောင်း သတင်းထွက်ထားသည်။


သို့ရာတွင် ဘရာဇီးလက်ရွေးစင်တိုက်စစ်မှူးဟောင်းကမူ ဘာစီလိုနာအနေဖြင့် မက်ဆီမ ထွက်ခွာသွားရေးအတွက် အစွမ်းကုန် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း တိုက်တွန်း ပြောကြားလိုက်သည်။


ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟောင်းက “မက်ဆီက ဒီအသင်းကို ကိုယ်စားပြုတဲ့သူပါ။ကျုပ်သာ ဘာစီလိုနာမှာရှိမယ်ဆိုရင် သူကို ဘယ်လိုအကြောင်းကြောင်းနဲ့မှ ထွက်ခွာခွင့်ပေးသွားမှာ မဟုတ်ပါဘူး။ သူက တကယ့်ကို ကြီးကျယ်တဲ့ကစားသမားတစ်ဦးဖြစ်သလို ကလပ်နဲ့လည်း အင်မတန်ရင်းနှီးဆက်ဆံမှုရှိတဲ့သူတစ်ဦးဖြစ်ပါတယ်။ဒီအခြေအနေက ချန်ပီယံလိဂ်ရှုံးပွဲကြောင့် ဖြစ်လာတာပါ။ ဒပေမယ့် မက်ဆီမှာ သူ့ကစားဖော်တွေရဲ့အကူအညီလိုအပ်နေပါတယ်။ ဘာစီလိုနာအနေနဲ့လာမယ့်ရာသီမှာ ဆန်းသစ်မှုတစ်ခု ယူဆောင်လာဖို့ လိုအပ်နေပါတယ်။ ဒါပေမယ့် သူတို့ရဲ့အဓိကကစားသမားကို ထွက်ခွာခွင့်ပေးတာမျိုးကတော့ အဖြေမဟုတ်ပါဘူး”ဟု Marca နှင့် အင်တာဗျူးတွင် ထုတ်ဖော်ပြောကြားသွားသည်။


ဘာစီလိုနာသည်လည်း မက်ဆီကိုဆက်ထိန်းသွားရန် အစွမ်းကုန် ကြိုးပမ်းသွားမည်ဟု ကြေညာထားသည်။ အာဂျင်တီးနားအသင်းခေါင်းဆောင်သည် ဘာစီလိုနာနှင့် ၁၂ လစာချုပ်သက်တမ်းသာ ကျန်ရှိတော့ပြီဖြစ်ပြီး စာချုပ်သက်တမ်းတိုးရေး ဆွေးနွေးလာခဲ့သည်မှာ လအတန်ကြာပြီဖြစ်သော်လည်း ယခုတိုင် သဘောတူညီမှု မရရှိချေ။


ရော်နယ်ဒိုသည် ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်တွင် ကစားခဲ့သော်လည်း ယခုတိုင် ဘာစီလိုနာပရိသတ်များ၏ချစ်ခင်နှစ်သက်မှုကို ရရှိနေသည့် ကစားသမားအချို့ထဲမှ တစ်ဦး ဖြစ်သည်။ သူသည် ဘာစီလိုနာတွင် ၁၉၉၆-၉၇ တစ်ရာသီတည်းသာ ကစားခဲ့ကာ ပြိုင်ပွဲအရပ်ရပ်မှာ ၄၉ ပွဲကစားပြီး ၄၇ ဂိုးသွင်းယူနိုင်ခဲ့သည်။


သူသည် ၁၉၉၇ ခုနှစ်တွင် အင်တာမီလန်သို့ ပြောင်းခဲ့ပြီး ယင်းမှ တစ်ဆင့် ၂၀၀၂ ခုနှစ်တွင် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းခဲ့သည်။ သူသည် ရီးရဲလ်မက်ဒရစ်အတွက် ၁၇၇ ပွဲကစားကာ ၁၀၄ ဂိုးသွင်းယူခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် လာလီဂါဖလား ဆွတ်ခူးနိုင်ခဲ့သည်။

Ref: Marca

Facebook Comments Box
Facebook Comment