လီဗာပူး ဘောလုံးယဉ်ကျေးမှု ကမ္ဘာထဲက ဘွန်ဒက်စ်လီဂါ ထုတ်ကုန်များနဲ့ ဘာကြောင့် ခါဘက်ကို ကလော့ပ် လိုချင်နေတာလဲ …

ထွန်းထွန်းဦး(လှိုင်)

သူက လတ်တလောမှာ လူပြောများနေတဲ့သူပေါ့..

နာမည်က ခါဘက်တဲ့ ..

တူရကီသား၊ ခံစစ်သမားတစ်ယောက် ..

နည်းနည်းလည်း အရစ်ရှည်တယ်၊ ခံစစ် ကစားပေမယ့် တိုက်စစ်သမား စိတ်နဲ့ ဘောလုံးရရင် တစ်ဖက်ကစားသမားတွေကို ပြန်လိမ်ခေါက်ပြီး ခံစစ်ကနေ တိုက်စစ်ကို အရှိန်နဲ့ တစ်ဟုန်ထိုး တိုးဝင်ပြေးတတ်၊ သူက တိုက်စစ်လမ်းကြောင်း ပြန်စတတ်တဲ့ ခေတ်သစ် မော်ဒန်ဘောလုံးသမား …

လီဗာပူးက သူ့နောက်ကို တောက်လျှောက်လိုက်နေတယ်။ ဗန်ဒိုက်နေရာ အစားထိုးဖို့ ရည်ရွယ်ခံထားရတယ်ဆိုပဲ …

ကြည့်လိုက်တော့ အသက် ၂၀၊ အရွယ်ကောင်းတဲ့အချိန် …

အခုမှ ဘောလုံးလောက ဇာတ်ခုံပေါ်ကို နုပျိုတဲ့ခြေစွမ်းနဲ့ တိုးဝင်လာစ ကစားသမားတစ်ယောက်..

နည်းပြတွေ မျက်လုံးထဲမှာ ပုံသွင်းလို့ ကောင်းတဲ့အရွယ်။ ဒါမှမဟုတ် အရိုင်းတုံးလေးတစ်တုံး…

အေးဂျင့်တွေ၊ လူငယ်ကင်းထောက်တွေ တောက်လျှောက်စောင့်ကြည့်ခံထားရသူ ဖြစ်တယ်။

အရပ်အမောင်းက ၆ ပေ နဲ့ ၁ လက်မ။ ဗဟိုခံစစ်နဲ့ ကွင်းလယ်အဖျက်နေရာမှာ လိုအပ်သလိုမျိုး ဝင်ရောက်တာဝန်ယူနိုင်တယ်။ လူငယ်ပွဲတွေမှာ သူဟာ ခေါင်းတစ်လုံးမြင့်တဲ့ အနေအထားရှိတယ်။

စီနီယာ တူရကီလက်ရွေးစင် အဆင့်ကို ရောက်နေပြီဖြစ်သလို တူရကီ လူငယ်လက်ရွေးစင် အဆင့်ဆင့်ကို ဖြတ်သန်းထားတဲ့ အတွေ့အကြုံကောင်း ရှိထားတယ်။

ပြီးတော့ ဂါလာတာစာရေးနဲ့ စတုဂတ်မှာ ကစားခဲ့ပြီးနောက်မှာ အခုလည်း ရှော်လ်ကေးကို ရောက်လာပြီး ဘွန်ဒက်စ်လီဂါမှာ ပွဲတိုးနေတယ်။ ခါဘက်ရဲ့ ခြေစွမ်းပိုင်းက မဆိုးလှပါဘူး။

အထိုက်အလျောက်တော့ ကစားရတဲ့ပွဲတွေမှာ ခြေစွမ်းပြနိုင်တယ်။ ဒီကောင်လေးကို လီဗာပူး လိုချင်တယ်ဆိုရင် ပေးရမယ့်ဈေးကလည်း မသေးဘူး။

ပေါင်သန်း ၄၀ တန်ကြေးရှိတယ်။ ကိုဗစ်ကြောင့် ဒီကာလမှာ ဈေးကျရင် တောင် ပေါင်သန်း ၃၀ က အနိမ့်ဆုံးဈေးပါပဲ။

လီဗာပူးကလည်း ကြမ်းခင်းဈေးပေးထားတာက ပေါင်သန်း ၂၀ နဲ့ ထပ်ဆောင်းကြေး နည်းနည်းပါ။ ဇန်နဝါရီဈေးကွက်ကလည်း မရောက်သေးဘူးဆိုတော့ အဆင်ပြေသလောက်နဲ့ လှမ်းတောက်ထားတဲ့ ပုံစံပါပဲ။

ပြောဖြစ်တာက ဒီကစားသမားငယ်က လီဗာပူးခံစစ်အတွက် သင့်တော်နိုင်ပါ့မလား။ မာဂုဏ်ရှိတယ်။

ကြံ့ခိုင်မှုနဲ့ ခံနိုင်အားက အပြည့်အဝရှိတယ်ဆိုပေမယ့် အတွေ့အကြုံနဲ့ ပွဲတိုးမှုအပိုင်းက ပရီးမီးယားမှာ ဖိအားများ ဖြစ်နေမလား။

အရာရာကို ပတ်ဝန်းကျင်က နေသားကျအောင် ပြောင်းလဲပေးနိုင်တာ မှန်တယ်။ ဒီကလေး ငယ်သေးတယ်ဆိုပေမယ့် သူ့လုပ်ရည်ကိုင်ရည်နဲ့ ကွင်းထဲမှာ ကစားနိုင်တဲ့ ပုံစံက ဗန်ဒိုက်နဲ့ ဆင်တယ်။

ပြီးတော့ အပေးအပို့နဲ့ တိုက်စစ်လိုက်ပါမှုအပြင် တစ်ကိုယ်တော် အစွမ်းတွေကလည်း ကလော့ပ်ကို ဖမ်းစားထားနိုင်တော့ ဇန်နဝါရီဈေးကွက် မဖွင့်ခင်မှာ လူငယ်တစ်ယောက်အတွက် ထိုက်သင့်တဲ့ဈေးကို စောစောသတ်မှတ်ပေးလိုက်တယ်ဆိုတာ မဆန်းလှတော့ပါဘူး။

နဂိုတည်းကမှ တူရကီ ဘောလုံးသမားတွေဆိုတာ ကြံ့ခိုင်မှုပိုင်းမှာ မာဂုဏ်ရှိသလို၊ ဥရောပမှာ ခပ်စွာစွာနဲ့ ဖြစ်ထွန်းတတ်တာ အစဉ်အလာရှိတယ်။

နာမည်ကျော်ကြားမှုပိုင်းမှာသာ နောက်နားရောက်နေပေမယ့် ပေးဆပ်မှုကတော့ စိတ်ဓာတ်က အပြင်းသားရယ်။ ဒါတွေကြောင့်ကလော့ပ်အတွက်တော့ ဒီကစားသမားဟာ ပထမဦးစားပေး ဖြစ်ရစေသလားပေါ့။

ထပ်ပြောရရင် လူသိများမှု နည်းတာရယ်၊ ပြိုင်ဘက်အသင်းကြီးတွေနဲ့ ဈေးကွက်ထဲမှာ ဈေးပြိုင်စနစ်နဲ့ လုရမယ့် အခြေအနေကို မတိုးနိုင်တာကြောင့် ထိုက်သင့်တဲ့ ဈေးတစ်ခုအောက်မှာ ဗန်ဒိုက်နေရာကို ဖြည့်ဖို့ သင့်တော်တယ်လို့ပဲ ယူဆမိတယ်။

ထပ်ပြောရရင် ကလော့ပ်ဟာ ခံစစ်သမားတွေကို ရွေးတဲ့အခါမှာ ဦးဆောင်သူစိတ် ရှိတဲ့အပြင် နောက်ကနေပြီး မိမိကစားသမားထံ တိကျစွာ ခုတ်တင်ပေးနိုင်တဲ့ ဘောလုံးမျိုးကို ဖန်တီးပေးနိုင်စွမ်းရှိတဲ့ အရည်အသွေးရယ်၊ ဘောလုံးဖြတ်တောက်တဲ့အခါ ခေါင်းအေးအေးနဲ့ ပါးပါးနပ်နပ် ဘောလုံးလုနိုင်တဲ့ ခွန်အားရှိသူတွေကို ပိုသဘောတွေ့တဲ့သူပါ။

အခုချာတိတ်ကလည်း အဲ့ဒီလို ကစားသမားမျိုးဖြစ်တယ်။ ခွန်အားသုံးပြီး ကစားနိုင်တဲ့အပြင် ဗန်ဒိုက်လို ဘောလုံးလမ်းကြောင်း ကြိုတွက်ဆပြီး ဖြတ်တောက်မှုကို ပရမ်းပတာမဟုတ်တဲ့ ဟန်မျိုးနဲ့ လုပ်ကိုင်နိုင်တဲ့ ပုံစံတွေက တူနေတယ်လေ။

အားနည်းတာဆိုလို့ ဂိုးသွင်းယူနိုင်တဲ့ အပိုင်းပဲ ရှိတာပါ။ အဲ့ဒါတွေကလွဲရင် ကျန်တာ သူ့မှာ အရည်အချင်းရှိတယ်။

ဒီတော့ ရှင်းပါတယ်။ အရောင်တင်ပေးပြီး လိုအပ်တဲ့နေရာအတွက် လီဗာပူးခံစစ်ကို မိမိရရနဲ့ အပေါက်ဖာထေးပေါ့နော်။

ကလော့ပ်ဟာ ဂျာမနီ နည်းပြဖြစ်လို့ ရှည်ရှည်ဝေးဝေး မကြည့်ဘဲ သူဖြတ်သန်းခဲ့ရာ ဝန်းကျင်ဖြစ်တဲ့ ဘွန်ဒက်စ်လီဂါကိုပဲ မဲတင်းပြီး ကစားသမားကောင်းတွေ ရှာဖွေရွေးထုတ်နေတာ မဆန်းပါဘူး။

ဒါပေမဲ့ လီဗာပူးအတွက်တော့ ဂျာမနီ ဘွန်ဒက်စ်လီဂါ ထုတ်ကုန်တွေဟာ ထင်သလောက် အကျိုးပေးမှု များများစားစား မရှိတာကတော့ ပြောစရာဖြစ်တယ်။

ဘွန်ဒက်စ်လီဂါထွက် ဂျာမန်သားတွေ လီဗာပူးကို ရောက်လာခဲ့တဲ့ အချိန်တွေမှာ ဟာမန်းတို့ ခေတ်ကလွဲရင် ကျန်တဲ့သူတွေထဲမှာ လီဗာပူးအတွက် အထောက်အကူ အပြုနိုင်ဆုံးဆိုတဲ့ ဘောလုံးသမားဟာ လက်ညှိုးထိုးပြဖို့ နည်းပါးခဲ့တယ် ဆိုရမယ်။

ကားလ်ဟိန်းဇ်ရိုက်ဒယ်လ်တို့ကနေပြီး ဆာမက်ရီဆယ်လ်၊ အမ်မရီချန်၊ မာတစ်နဲ့ ကာရီးယပ်စ်တို့အထိ သိပ်ပြီးတော့ အဆင်ပြေတာမျိုး မရှိခဲ့ကြဘူး။


နေရာပေးခံရမှု၊ ဒဏ်ရာရမှုစတဲ့ အကြောင်းကြောင်းကြောင့်အောက်မှာ ဦးစားပေး အဆင့်ကနေပြီး ဘေးထွက်ခဲ့ရတာချည်းပါပဲ။

အထူးသဖြင့် ပရီးမီးယားလိဂ်နဲ့ အသားမကျတဲ့ဒဏ်နဲ့ ဖိအားဝင်လာတဲ့အခါမှာ ကျော်ဖြတ်ရခဲ့တဲ့ အစဉ်အလာတွေကို မတွန်းလှန်နိုင်ခဲ့ကြဘူး။ မာတစ်ဆိုရင် ဒဏ်ရာနဲ့ နပန်းလုံးနေရတာက များပြီး ပွဲထွက်ခွင့်ကတောင် နည်းနေခဲ့ရတယ် မဟုတ်ပါလား။

ဒါပေမဲ့ ဘွန်ဒက်စ်လီဂါထွက် ဂျာမန်သားမဟုတ်တဲ့ လီဗာပူးရောက် ကစားသမားတွေထဲမှာတော့ အကျိုးပြုနိုင်ခဲ့တဲ့သူတွေ ရှိခဲ့တာကိုတော့ မငြင်းနိုင်ခဲ့ပါဘူး။

ဘာဘယ်လ်နဲ့ ပက်ထရစ်ဘာဂါတို့ကနေပြီး ဒီယားရား၊ မိုက်ဂျာ၊ ဘရိုနင်၊ ဒီဂန်၊ ပေါ်လ်ဆန်တို့အပြင် ဖာမီနိုတို့အထိ လီဗာပူးအတွက်တော့ ဘယ်သူတွေက အကျိုးပြုခဲ့သလဲ၊ ဘယ်သူတွေက တစ်ပွဲတောင်မှ မကစားရပဲနဲ့ ဇာတ်သိမ်းသွားရသလဲဆိုတာ သမိုင်းတွေက သက်သေခံနေတယ်။

ဘွန်ဒက်စ်လီဂါထွက် တူရကီသားတွေထဲကနေပြီး မာဆေးဆိုက်ဒ်ကိုရောက်တဲ့ ဘောလုံးသမားတွေကို ကြည့်ဦးမယ်ဆိုရင်လည်း ဖြစ်ထွန်းမှုအပိုင်းမှာ ပျမ်းမျှ အားနည်းခဲ့တယ်။

ဆာဟင်း၊ တိုဆန်နဲ့ အမ်မရီချန်တို့ဆိုရင် နည်းပြအပြောင်းအလဲနဲ့ ခြေစွမ်းထိန်းထားနိုင်မှု၊ အသားကျ မြန်ဆန်မှုတွေအပြင် ဒဏ်ရာနှိပ်စက်မှုက စကားပြောခဲ့လို့ အမ်မရီချန်ကလွဲပြီး ကျန်တဲ့ ၂ ယောက်ဟာ ထင်ထားသလို မာဆေးဆိုက်ဒ်မှာ မဖြစ်ထွန်းခဲ့ကြဘူး မဟုတ်လား။

ဆာဟင်းဆိုရင် လီဗာပူးကို အငှားနဲ့လာကစားပြီး ပြန်သွားတာပဲ ရှိတယ်။ ပြောစမှတ်ကို မတွင်နိုင်ခဲ့ဘူးလေ။

ပရော်ဖက်ရှင်နယ် ဘောလုံးလောကမှာ စိန်ခေါ်မှုတွေက တော်တော်လေးကို စကားပြောပါတယ်။ ဒါပေမဲ့ တိုးတက်ဖို့အတွက် ဖိအားအောက်မှာ စိန်ခေါ်မှုတွေကို ကျော်လွှားရမယ်မဟုတ်လား။

မတွေ့ဘဲနဲ့ ရှောင်လိုက်တာထက်စာရင် တည့်(ဒဲ့)တွေ့ပြီး စိန်ခေါ်မှုကို လက်ခံလိုက်တာဟာ အကောင်းဆုံး အဖြေထုတ်ခွင့်ရမယ့် အချက်ပါပဲ။

အရည်အချင်းကို စာမေးပွဲစစ်ခံဖို့ အရွယ်လေး ရှိနေသေးတဲ့ လူငယ်တစ်ယောက်အတွက်တော့ လီဗာပူးလိုနေရာမှာ ကစားရမယ်ဆိုတာ မဟာအိပ်မက်ကြီး တစ်ခုလိုမျိုး ဖြစ်နေမှာပါ။

ဆုဖလားတွေနဲ့ နည်းပြလက်မှတ်ကောင်းကောင်းရှိထားတဲ့ ကလော့ပ်အရိပ် အောက်မှာတော့ အတည်တကျ မဖြစ်သမျှ အရာရာတိုင်းက ဖိအားတစ်ခုလိုမျိုး ဖြစ်နေကြမှာပါပဲ။

ကလော့ပ်က လူတစ်မျိုး၊ လူငယ်တွေကို ဦးစားပေးတယ်။ ပြုစုပျိုးထောင်တယ်၊ ပုံသွင်းကောင်းတယ်။

တကယ်လို့သာ ညာခြေသန်တဲ့ တူရကီ လူငယ်ခြေတက်လေး ခါဘက် ရောက်လာမယ်ဆိုရင် ဘွန်ဒက်စ်လီဂါထွက် ကစားသမားအချို့ ရှိနေတဲ့ လီဗာပူးမှာ အသားကျဖို့ မခက်လောက်ပါဘူး။

မာတစ်တို့၊ ဖာမီနိုတို့လို ဘောလုံးသမားတွေရှိနေသေးတယ်လေ။ ဘာသာစကားလည်း အခက်တွေ့စရာ မလိုလောက်အောင် ကလော့ပ်ကလည်း ရှိနေသေးတော့ ခါဘက်အတွက် ရွေးချယ်မယ်ဆိုရင် ရွေးချယ်ဖို့သင့်တဲ့ကလပ် ဖြစ်နေတယ် ဆိုတာပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ပေါင်သန်း ၄၀ ဆိုတာ လီဗာပူးအတွက်တော့ ဒီကာလမှာ ခက်ခဲမှုတစ်ခုဖြစ်တယ်။ ဒါကို ဘယ်လိုမျိုး ကျော်လွှားမလဲဆိုတာပဲ ကြည့်ရမယ်။

ကစားသမားငယ် ခါဘက်ကတော့ ဗန်ဒိုက်မဟုတ်တဲ့ ဗန်ဒိုက်လက်သစ်လို ဖြစ်နေတာကြောင့် လက်စတာက ဆိုရန်ချူလို တောက်ပမယ့် အနာဂတ်ကို ပိုင်ဆိုင်ထားတဲ့ ကလော့ပ်အကြိုက် လိုသလို ပုံသွင်းပေးနိုင်မယ့်သူတော့ ဖြစ်လာနိုင်ဖို့ ရှိတယ်ဆိုတာပါပဲ။

ဒါကြောင့် ကျွန်တော်တော့ဖြင့် ဇန်နဝါရီနဲ့အတူ ခါဘက် အမြန်ဆုံး လီဗာပူး ရောက်နိုင်မလားဆိုတာ အမောတကောနဲ့ စောစောကို မျှော်မိနေတော့တာပါပဲ …

Facebook Comments Box
Facebook Comment