လီဗာပူး၏အဆင့်မျိုးသို့ ရောက်အောင် ကြိုးပမ်းရမည်ဟု အာတီတာ ပြောကြား

မီခေးလ်အာတီတာက တနင်္လာနေ့ညတုန်းက အန်ဖီးလ်၌ လီဗာပူးကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့မှုအပေါ် စိတ်မပျက်ကြောင်းနှင့် မိမိတို့အနေဖြင့် လီဗာပူး၏အဆင့်မျိုးသို့ ရောက်အောင် ကြိုးပမ်းသွားရမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။

အာဆင်နယ်သည် အင်ဒီရောဘတ်ဆင်၏ အမှားမှ တဆင့် လာကာဇက်တီ သွင်းယူသည့် ဂိုးကို ဦးဆောင်နိုင်ခဲ့သော်လည်း လီဗာပူးကို ခြေစွမ်းပိုင်းတွင် ယှဉ်နိုင်ခဲ့ခြင်း မရှိချေ။ အာဆင်နယ်သည် လီဗာပူးကို ခြေစွမ်းပိုင်းတွင် မယှဉ်နိုင်ခဲ့သော်လည်း လာကာဇက်တီသာ အပိုင်အခွင့်အရေး နှစ်ကြိမ်ကို အသုံးချနိုင်လျှင် အနည်းဆုံး သရေရနိုင်သည့် အခြေအနေမျိုးတွင် ရှိခဲ့သည်။

လီဗာပူးကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲအပြီးတွင် အာတီတာက လီဗာပူးအသင်းမှာ မိမိတို့အသင်းထက် အဆင့်မြင့်များစွာ မြင့်မားနေကြောင်း ရိုးသားစွာ ဝန်ခံခဲ့သည်။

အာတီတာက “သူတို့ (လီဗာပူး)ဟာ ကျွန်တော်တို့ထက် အများကြီး သာလွန်ကောင်းမွန်နေတာ အမှန်ပါပဲ။ ဒါကို ခင်ဗျားတို့လည်း တွေ့ကြမှာပါ။ အသင်းရဲ့ ယှဉ်ပြိုင်ပုံနဲ့ ယုံကြည်မှုတို့အပေါ် ကျေနပ်ရပါတယ်။ ဒါက ကျွန်တော်တို့ သွားရောက်ရမယ့် အဆင့်မျိုး ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့လမ်း ကြောင်းက မတူညီပါဘူး။ လီဗာပူးက အတူတကွ ရှိလာခဲ့တာ ငါးနှစ်တိုင်တိုင် ရှိပါပြီ။ ကျွန်တော်တို့က လအနည်းငယ်ဘဲ ရှိပါသေးတယ်”ဟု ပြောကြားသွားခဲ့သည်။

ဆက်လက်၍ အာတီတာက “သူတို့ စောစောစီးစီး ဂိုး(အာဆင်နယ်က ဂိုးသွင်းပြီးနောက်) ရသွားခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့အမှားတွေကြောင့်ပါ။ ဒုတိယပိုင်းမှာ အခွင့်အရေးရှိခဲ့ရဲ့သားနဲ့ အသုံးမချနိုင်ခဲ့လို့ စိတ်ပျက်ရပါတယ်။ ဒီပွဲမှာ တကယ့်အခွင့်အရေးကောင်းကြီးတွေ ရခဲ့တာပါ။ သူတို့လို အသင်းမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ ရတဲ့အခွင့်အရေးကို အသုံးချနိုင်ဖို့ လိုပါတယ်”ဟု ပြောကြားခဲ့သည်။

အာဆင်နယ်သည် လာမည့် ကြာသပတေးနေ့တွင် ကာရာဘောင်းဖလား စတုတ္ထအဆင့် ပွဲစဉ်အဖြစ် အန်ဖီးလ်သို့ သွားရောက်ကာ လီဗာပူးကို ရင်ဆိုင်ရဦးမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment