လီဗာပူးသို့ ဟာလန်း ပြောင်းလိမ့်မည်ဟု ဆဲလ်ဘတ် အားကစားဒါရိုက်တာ ပြောကြား

အာလင်းဟာလန်းသည် လီဗာပူးသို့ ပြောင်းရွှေ့ကစားလိမ့်မည်ဟု ဖြစ်ကြောင်း ကလပ်ဟောင်း ရက်ဘူးလ် ဆဲလ်ဘတ်မှ အားကစားဒါရိုက်တာက ပြောကြားလာသည်။ နော်ဝေလူငယ်ပါရမီ ရှင်တိုက်စစ်မှူးသည် ၂၀၂၀ ခုနှစ် အစောပိုင်းတွင် ဆဲလ်ဘတ်မှ ဒေါ့မွန်သို့ ရောက်လာခဲ့သူ ဖြစ်သည်။ သူသည် ဒေါ့မွန်အတွက် ၂၇ ပွဲ ကစားထားရာတွင် ၂၄ ဂိုး သွင်းယူထားနိုင်သူ ဖြစ်သည်။

ဟာလန်းသည် ဒေါ့မွန်နှင့်အတူ ဘွန်ဒက်စ်လီဂါဖလားအား စိန်ခေါ်ရန် မျှော်လင့်နေသော်လည်း ဆဲလ်ဘတ် အားကစားဒါရိုက်တာ ခရစ္စတိုဖရောင့်က လူငယ်တိုက်စစ်မှူးမှာ လီဗာပူးသို့ ပြောင်း ရွှေ့ကစားလာလိမ့်မည်ဟု ပြောကြားသွားသည်။

ဖရောင့်က “သူ သွားမယ့် နေရာက လီဗာပူးပါ။ သူက ဘယ်ကစားမှာ မဆို ကစားနိုင်စွမ်း ရှိသူ ဖြစ်ပါတယ်။ သူ့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ စွမ်းဆောင်ရည်တို့ကြောင့် လာမယ့် ၁၀ နှစ်အတွင်းမှာ ဥရောပဘောလုံးလောကမှာ ကြီးမားတဲ့အောင်မြင်မှု ရယူလာမှာပါ”ဟု ပြောကြားသွားသည်။

ထို့အပြင် ဂျာမနီလက်ရွေးစင်ဟောင်း လိုသာမားသီးယပ်စ်ကလည်း “ဒေါ့မွန်က ဥရောပထိပ်သီး ကလပ် ၁၀ ခုထဲက တစ်ခုပါ။ ဒါပေမယ့် သူတို့ထက် ကောင်းတဲ့ အသင်းက ၅ သင်ကနေ ၆ သင်းအထိရှိသေးတယ်။ အဲဒီကလပ်ထဲက တစ်ခုမှာ သူ့သွားကစားနိုင်တယ်။ အဲဒီကလပ်တွေထဲမှာ ဘိုင်ယန်မြူးနစ်ကို ထည့်တွက်စရာ မရှိပါဘူး။ လီဝန်ဒေါ့စကီးက နောက် ၂ နှစ်၊ ၃ နှစ်အထိ ရှိနေပါဦးမယ်။ ဟာလန်းက ဒေါ့မွန်မှာ အဲဒီလောက်အထိ နေတော့မှာ မဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။

ဟာလန်းသည် ဆဲလ်ဘတ်အတွက် ပထမဆုံးရာသီ၌ ၂၂ ပွဲတွင် ၂၈ ဂိုးအထိ သွင်းယူပြီးနောက် ဒေါ့မွန်သို့ ပြောင်းခွင့် ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

လက်ရှိအချိန်တွင် ဟာလန်းကို ခေါ်ယူရေး ထိပ်ဆုံးမှ စိတ်ဝင်စားနေသည့် ကလပ်များမှာ ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာယူနိုက်တက်၊ လီဗာပူးတို့ ဖြစ်ကြသည်။

Facebook Comments Box
Facebook Comment