လီဗာပူးလ်ကို အနိုင်ကစားမယ်လို့ လမ်းပတ်ကြုံးဝါး

ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်က ယနေ့ည လီဗာပူးလ်အား ဧည့်ခံကစားရမည့်ပွဲသည် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ဘယ်အသင်းက သင့်တော်သည်ဆိုသည်ကို သက်သေပြပေးမည့် ပြင်းထန်သော စမ်းသပ်မှုတစ်ခုဟု တင်စားလိုက်သည်။

အဖွင့်ပွဲစဉ်တွင် အသီးသီးအနိုင်ရခဲ့သော ချဲလ်ဆီးနှင့် လီဗာပူးလ်တို့သည် ယခုနွေဈေးကွက်အတွင်း ကစားသမားသစ်များ ဖြည့်တင်းကာ ချန်ပီယံဆုအတွက် ပြိုင်ဆိုင်လျက်ရှိသည်။

ဘရိုက်တန်ကို အနိုင်ရခဲ့သော ချဲလ်ဆီးသည် ကစားသမားသစ် ၇ ဦးအတွက် ပေါင် သန်း ၂၀၀ ကျော် သုံးစွဲထားပြီး လိဒ်စ်ကို အနိုင်ယူထားသော ချန်ပီယံ လီဗာပူးလ်ကလည်း လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ သီယာဂို၊ ဝုဗ်တိုက်စစ်မှူး ဂျိုတာတို့အတွက် ပေါင် သန်း ၇၀ နီးပါး အသုံးပြုထားသည်။

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်သည် ချဲလ်ဆီး၏ ကစားသမားခေါ်ယူမှုကို ဝေဖန် ထားပြီး လမ်းပတ်ကလည်း ပြန်လည်ဝေဖန်ခဲ့ရာ ၎င်းတို့နှစ်ဦးကြား ဖြစ်ပေါ်ခဲ့သော စကားလုံးတိုက်ပွဲက ယနေ့ည စတမ်းဖို့ဒ်ဘရစ်ချ်ပွဲစဉ်ကို ပိုမိုရုပ်လုံးကြွလာစေသည်။

လမ်းပတ်က ယမန်နှစ်ရာသီက ခြေစွမ်းပြခဲ့သော လီဗာပူးလ်ကို အင်္ဂလန်နိုင်ငံ၏ အကောင်းဆုံးအသင်းဟု တင်စားလိုက်ပြီး ထိုအသင်းနှင့် ယှဉ်ပြိုင်ရမည့်အဖြစ်က မိမိတို့အတွက် ကောင်းမွန်သော စိန်ခေါ်မှုတစ်ခု ဖြစ်လာမည်ဟုလည်း သုံးသပ်သည်။

သို့သော်လည်း မည်သို့ပင်ဖြစ်စေ အနိုင်ရမည့်အသင်းက မိမိတို့သာဖြစ်ပြီး လီဗာပူးလ်ကို အနိုင်ကစားသွားမည်ဟု ကြုံးဝါးသည်။

“အခုတော့ မနှစ်က အကောင်းဆုံးအသင်းနဲ့ ကျွန်တော်တို့ ကစားရတော့မယ်။ လီဗာပူးလ်က အရမ်းကောင်းတဲ့အသင်းပါ။ သူတို့က ခင်ဗျားကို အမြဲတမ်း ခက်ခဲစေတယ်။ အခွင့်အရေးတွေ ပေးလို့မဖြစ်ဘူး” ဟု လမ်းပတ်က ပြောသည်။

ဆက်လက်၍ ၎င်းက ကလော့ပ်ကို အံ့အားသင့်စရာကောင်းသည့် နည်းပြကောင်းတစ်ယောက်ဟု ချီးကျူးခဲ့ပြီး ကွာဟမှု ကျဉ်းမြောင်းစေရေးအတွက် အကောင်းဆုံး ကြိုးစားနေကြောင်းလည်း ဆိုသည်။

Ref:sportreview

Facebook Comments Box
Facebook Comment