လီဗာပူးနှင့်ပွဲတွင် အမှား လုပ်ခဲ့သည့် ကီပါကို လမ်းပတ်ကာကွယ်

ချဲလ်ဆီးနည်းပြဖရန့်လမ်းပတ်သည် တနင်္ဂနွေနေ့တုန်းက လီဗာပူးနှင့်ပွဲတွင် အမှားလုပ်ကာ ဂိုးလက်ဆောင်ပေးခဲ့သည့် ဂိုးသမားကီပါအာရီဇာဘာလာဂါကို ကာကွယ်ပြောကြားလိုက်သည်။ သို့ရာတွင် လမ်းပတ်က ကီပါကို ကြားရက်တွင် ကစားရမည့် ကာရာဘောင်းဖလားပွဲတွင် အသုံးပြုသွားမည်မဟုတ်ကြောင်း အတည်ပြုသွားသည်။

ကီပါသည် ပင်နယ်တီ ဧရိယာအတွင်းတွင် မသေမသပ် ဘောလုံးပေးရာမှ လီဗာပူး တိုက်စစ်သမားဆာဒိုင်ယိုမာနေးက ကြားဖြတ်ရယူကာ လီဗာပူးအတွက် ဂိုးသွင်းယူခဲ့သည်။

ကီပါသည် ၂၀၁၈ ခုနှစ်တွင် ဘီလ်ဘာအိုမှ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းဖြင့် ရောက်လာပြီးကတည်းက အမှားများ ပြုလုပ်မှုကြောင့် ဝေဖန်ခံခဲ့ရသူ ဖြစ်သည်။ သူသည် ပြီးခဲ့သည့်အပတ်က ဘရိုက်တန်နှင့်ပွဲတွင်လည်း အမှားပြုလုပ်ခဲ့သူ ဖြစ်သည်။

ချဲလ်ဆီးသည် ကီပါ အမှားများ ဆက်တိုက် ပြုလုပ်မှုနှင့်အတူ အယုံအကြည်မရှိတော့၍ ရန်းနက်စ်ဂိုးသမားမင်ဒီကို ပေါင် ၂၂ သန်းဖြင့် ခေါ်ယူရန် စီစဉ်နေပြီး မကြာမီ အပြီးသတ်သွားဖွယ်ရှိသည်။

သို့ရာတွင် ဖရန့်လမ်းပတ်က “ကျွန်တော့်အလုပ်က မန်နေဂျာတစ်ဦးအနေနဲ့ ကီပါကို ယုံကြည်မှုတွေ ပေးဖို့ပါ။ ဒါက အမှားတစ်ခုဆိုတာ မြင်နိုင်ပါတယ်။ ပြီးတော့ ကီပါ ကိုယ်တိုင်က ဝန်ခံထားပါတယ်”ဟု ပြောကြားသွားသည်။

ဖရန့်လမ်းပတ်သည် ဗုဒ္ဓဟူးနေ့ ဘန်လေနှင့် ကာရာဘောင်းဖလားပွဲစဉ်တွင် ဘန်စလေနှင့် ရင်ဆိုင်ရမည့်ပွဲ၌ အရန်ဂိုးသမား ဝီလီကာဘယ်လီရိုအား ပွဲထွက် ဂိုးသမားအဖြစ် အသုံးပြုသွားမည်ဖြစ်သည်။ သို့ရာတွင် လမ်းပတ်က ကာဘယ်လီရိုအား ကာရာဘောင်းဖလားပွဲတွင် သုံးရန် အစကတည်းက စီစဉ်ထားခြင်းဖြစ်ပြီး ကီပါ အမှားကြောင့် မဟုတ်ကြောင်း ပြောကြားသွားသည်။

လမ်းပတ်က “အခု ပြောနိုင်တာကတော့ ဝီလီကာဘယ်လီရို ကစားသွားပါမယ်။ အစကတည်းက သူ့ကို အဲဒီပွဲမှာ ကစားစေဖို့ စီစဉ်ထားတာပါ။ သူ(ကီပါ)က ကျွန်တော်တို့ ကစားသမားပါ။ အခုဆိုရင် သူဟာ နှစ်ပွဲအမှားလု်ပခဲ့ပြီးပါပြီ။ ဒီနေ့မှာလည်း အမှားတစ်ခု ရှင်းရှင်းလင်းလင်းလုပ်ခဲ့တယ်။ ဘရိုက်တန်နဲ့ပွဲမှာလည်း အမှားလုပ်ခဲ့တယ်။ သူဟာ ဒီအတွက် ရိုက်ခတ်မှု ခံရပါတယ်။ ကျွန်တော်တို့ ဆက်ပြီး အလုပ်လုပ်သွားပါမယ်။ ကစားသမားတွေက အားပေးမှု လိုအပ်ပါတယ်။ အထူးသဖြင့် ကျွန်တော့် အားပေးမှုပေါ့။ ကျွန်တော်က လည်း ကစားသမားအားလုံးကို ပေးပါတယ်။ ကီပါအနေနဲ့ အလုပ်ဆက်လုပ်သွားရမယ်။ ဘောလုံးမှာ ဘယ်သူမှ အမှား မကျူးလွန်ချင်ပါဘူး။ ဘောလုံးမှာ မှားတယ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ်ပါ။ သူ့အနေနဲ့ ပြီးတော့ တောင့်တင်းလာအောင် လုပ်ရပါမယ်။ စိတ်ဓာတ်မကျဘဲ ဆက်လက်ချီတက်ရပါမယ်”ဟု ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment