လီဗာပူးစတားမိုဟာမက်ဆာလက်၏ ကိုဗစ် အခြေအနေမှာ မပြင်းထန်ကြောင်း အီဂျစ်ဆရာဝန် အတည်ပြု

လီဗာပူးစတားမိုဟာမက်ဆာလက်မှာ ပြင်းထန်မှု မရှိသည့် ကိုဗစ်ရောဂါကူးစက်ခံထားရခြင်း ဖြစ်ကြောင်း အီဂျစ်အသင်းဆရာဝန် မိုဟာမက်အဘူအလီလာက အတည်ပြုလိုက်သည်။ ဆာလက်သည် ယခုအပတ်အစောပိုင်းတုန်းက ညီဖြစ်သူ၏ မင်္ဂလာပါတီပွဲသို့ တက်ရောက်ခဲ့ပြီး နောက် သောကြာနေ့တုန်းက ကိုဗစ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိရသည်။ သူသည် စနေနေ့တုန်းက အီဂျစ်က တိုဂိုကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိသည့် အာဖရိကဖလားခြေစစ်ပွဲကို လွဲချော်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် ပရီးမီးယားလိဂ် ကစားသမားအများစုမှာ မည့်သည့် ရောဂါလက္ခဏာပြသခြင်းမှ မရှိသော်လည်း မိုဟာမက်ဆာလက်မှာမူ ကံဆိုးစွာပင် အသေးစားဖျားနာမှုကဲ့သို့ ရောဂါလက္ခဏာပြသမှု ရှိနေသည်။

အဘူအလီလာက “သူ့မှာ အသေးစားပြသမှုရှိပါတယ်။ ရောဂါလက္ခဏာအများကြီး ပြသမှုမျိုးတော့ မရှိပါဘူး။ နက်ဂတစ်ပြတဲ့အထိ အီဂျစ်မှာဘဲ သီးသန့်နေထိုင်သွားပါမယ်။ ပြီးရင်တော့ သူ ခရီးသွားနိုင်ပါပြီ။ အီဂျစ်အတွက် မို(ဆာလက်)က အရမ်းအရေးပါတဲ့ပုဂ္ဂိုလ် ဖြစ်တာကြောင့် အီဂျစ်အာဏာပိုင်တွေက အရမ်း စိုးရိမ်ကြပါတယ်။ လူတိုင်းက သူ့ကို ကူညီ ချင်ကြတယ်။ ပြီးတော့ တစ်နိုင်ငံလုံးက အတတ်နိုင်ဆုံး လုပ်ပေးချင်ကြတယ်”ဟု ပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံတွင် ယခုအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၁၁၀၀၀၀ ကျော်အထိ ရှိပြီး ၆၀၀၀ ကျော် သေဆုံးထားသည်။ မိုဟာမက်ဆာလက်ကစားနေသည့် ဗြိတိန်တွင် ကူးစက်ခံရသူ ၁.၃ သန်းကျော်အထိ ရှိကာ သေဆုံးသူ ၅၁၀၀၀ ကျော်အထိ ရှိနေသည်။

Facebook Comments Box
Facebook Comment