လိဒ်စ်ကို ဂိုးသွင်းရင် စီရော်နယ်ဒိုတောင် မတင်နိုင်တဲ့စံချိန်ကို တင်နိုင်မယ့် ဆာလက်

လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက်ဆာလက်သည် ယနေ့ညကစားမည့် လိဒ်စ်နှင့်ပွဲတွင် ဂိုးသွင်းနိုင်ပါက ကမ္ဘာ့အကောင်းဆုံး ကစားသမား စီရော်နယ်ဒိုပင် အင်္ဂလန်တွင် မတင်နိုင်သည့် စံချိန်တစ်ခုကို တင်နိုင်မည်ဖြစ်သည်။

အသက် ၂၈ နှစ်အရွယ် အီဂျစ်လက်ရွေးစင် ဆာလက်သည် ၂၀၁၇ တွင် ရိုးမားမှ ယူရို သန်း ၅၀ ဖြင့် ပြောင်းရွှေ့လာပြီးနောက် လီဗာပူးလ်နှင့်အတူ ပြိုင်ပွဲစုံ ၁၅၃ ပွဲတွင် ၉၄ ဂိုးသွင်းကာ ချန်ပီယံလိဂ်နှင့် ပရီးမီးယားလိဂ် ဆုဖလားများ ရယူထားသည်။

ယမန်နှစ်ရာသီက ပရီးမီးယားလိဂ် ၁၉ ဂိုးအပါ ပြိုင်ပွဲစုံ ၂၃ ဂိုး သွင်းနိုင်ခဲ့သော ဆာလက်သည် အင်္ဂလန်နိုင်ငံ၏ အဆင့်အမြင့်ဆုံး အမှတ်ပေးပြိုင်ပွဲ သက်တမ်းတစ်လျှောက် တစ်ဦးတည်းသာ လုပ်ဆောင်ထားနိုင်သော စံချိန်တစ်ခုကို တင်နိုင်ရန် နီးစပ်သည့် အနေအထားတွင် ရှိနေသည်။

ထိုစံချိန်က ပရီးမီးယားလိဂ် ရာသီအဖွင့် ၄ ပွဲဆက်တိုက် ဂိုးသွင်းနိုင်သော ဒုတိယမြောက် ကစားသမားအဖြစ် မှတ်တိုင်သစ် စိုက်ထူနိုင်မည့် အခွင့်အရေးပင်ဖြစ်သည်။

၁၉၉၂ ခုနှစ်မှ စတင်ကျင်းပသော ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရာသီအဖွင့် ၄ ပွဲဆက်တိုက် ဂိုး သွင်းနိုင်သည့် တစ်ဦးတည်းသော ကစားသမားက စပါးတိုက်စစ်မှူးဟောင်း တက်ဒီရှရင်ဂမ် ဖြစ်ပြီး ၁၉၉၂-၁၉၉၃ ရာသီမှ ၁၉၉၅-၁၉၉၆ အထိ ၄ နှစ်ဆက်တိုက် ဂိုးသွင်းနိုင်ခဲ့သည်။

အဆိုပါစံချိန်ကို မန်ယူတွင် ၆ ရာသီကစားခဲ့သော စီရော်နယ်ဒိုပင် လိုက်မီနိုင်အောင် စွမ်းဆောင်နိုင်ခြင်းမရှိသော်လည်း ယနေ့ညပွဲတွင်သာ ဆာလက်က ဂိုးသွင်းနိုင်ပါက ရှရင်ဂမ် ၏စံချိန်ကို လိုက်မီနိုင်မည်ဖြစ်သည်။

ဆာလက်သည် ၂၀၁၉-၂၀၂၀ ရာသီက နောရစ်ချ်အား ၄-၁ ဖြင့် အနိုင်ရခဲ့သည့် ရာသီအဖွင့်ပွဲတွင် ဒုတိယဂိုး၊ ၂၀၁၈-၂၀၁၉ ရာသီက ဝက်စ်ဟမ်းအား ၄-၀ ဖြင့် အနိုင်ရခဲ့သည့် ရာသီအဖွင့်ပွဲ တွင် ပထမဂိုး၊ ၂၀၁၇-၂၀၁၈ ရာသီက ဝက်ဖို့ဒ်နှင့် ၃ ဂိုးစီ သရေကျခဲ့သည့်ပွဲတွင် တတိယဂိုးသွင်းကာ ၃ ရာသီဆက်တိုက် ရာသီအဖွင့်ဂိုး သွင်းနိုင်သူအဖြစ် သတ်မှတ်ခံထားရသည်။

ထို့ကြောင့် လိဒ်စ်ဘက်သို့သာ ဆာလက် ဂိုးသွင်းနိုင်ပါက စီရော်နယ်ဒို မလုပ်နိုင်သောစံချိန်ကို လုပ်နိုင်မည်ဖြစ်သလို ပရီးမီးယားလိဂ်သမိုင်းတွင် ရာသီအဖွင့် ၄ ပွဲဆက်တိုက် ဂိုးသွင်းနိုင်သည့် ဒုတိယမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်လာတော့မည် ဖြစ်သည်။

Ref:premierleague

Facebook Comments Box
Facebook Comment