လိဂ် ၃ ဂိုးထပ်သွင်းရင် ၈၆ နှစ်ကြာ တည်မြဲနေတဲ့ လာလီဂါစံချိန်ကို ချိုးဖျက်နိုင်မယ့် ဖာတီ

ဘာစီလိုနာ လူငယ်တိုက်စစ်မှူး အန်ဆူဖာတီသည် ယခုလအတွင်း ကစားမည့် လာလီဂါ ပွဲစဉ်များတွင် ၃ ဂိုးသွင်းနိုင်ပါက ဆယ်စုနှစ် ၉ ခုနီးပါးကြာသည်အထိ မည်သူမှ မချိုးဖျက်နိုင်သေးသော လာလီဂါ စံချိန်တစ်ခုအား ချိုးဖျက်နိုင်မည်ဟု မာကာသတင်းစာက ဖော်ပြသည်။

ယခုလ ၃၁ ရက်တွင် အသက် ၁၈ နှစ်ပြည့်မည့် ဖာတီသည် ယမန်နှစ်ရာသီမှ စတင်ကာ ဘာစီလိုနာ အသင်းကြီးအတွက် စတင်ကစားခွင့်ရခဲ့ပြီး လက်ရှိအချိန်အထိ ပြိုင်ပွဲစုံ ၃၄ ပွဲတွင် ၁၀ ဂိုး သွင်းယူထားသည်။

ထိုအထဲတွင် လာလီဂါသွင်းဂိုးက ၉ ဂိုးရှိကာ လာလီဂါ သက်တမ်းတစ်လျှောက် အသက် ၁၈ နှစ်မပြည့်ခင် လိဂ်သွင်းဂိုး အများဆုံးသွင်းထားသူအ ဖြစ် စံချိန်တင်ထားသည်က ရေးဆင်းတိုက်စစ်မှူး ပက်ဘလိုကွင်တာနာဖြစ်ပြီး ၁၉၃၄ ခုနှစ်က ၁၁ ဂိုးသွင်းယူခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဖာတီအနေဖြင့် ယခုလအတွင်း ကစားရမည့် လာလီဂါပွဲစဉ်များ တွင် ၃ ဂိုးသွင်းနိုင်ပါက ၈၆ နှစ်ကြာ တည်မြဲနေသော ကွင်တာနာ၏စံချိန်ကို ၁ ဂိုးအသာဖြင့် ချိုးဖျက်နိုင်တော့မည် ဖြစ်သည်။

ဘီနီဘစ်ဆောနွယ်ဖွား ဖာတီသည် စပိန်လက်ရွေးစင် အသင်း၏ အသက်အငယ်ဆုံး ဂိုးသွင်းသူ၊ လာလီဂါပြိုင်ပွဲ၏ အသက်အငယ်ဆုံး ဂိုးသွင်းသူ၊ ချန်ပီယံလိဂ်ပြိုင်ပွဲ၏ အသက်အငယ်ဆုံး ဂိုးသွင်းသူ စသည့် စံချိန်အပါအဝင် အခြား စံချိန်ပေါင်းများစွာ စိုက်ထူထားသည်။

၎င်းသည် ဗီလာရီးရဲလ်အား ၄ ဂိုးပြတ်အနိုင်ရသည့် ယခုရာသီ လာလီဂါ အဖွင့်ပွဲတွင် ၂ ဂိုးသွင်းခဲ့ပြီး ဘာစီလိုနာသည် ယခု အောက်တိုဘာလအတွင်း ဆယ်တာဗီဂို(ဝေး)၊ ဆီဗီလာ (အိမ်)၊ ဂီတာဖေး(ဝေး)၊ ရီးရဲလ်မက်ဒရစ်(အိမ်)တို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

ထို့ကြောင့် ဖာတီသည် အဆိုပါ လာလီဂါ ၄ ပွဲတွင် ၃ ဂိုး သွင်းနိုင်ပါက ကွင်တာနာ၏ ၈၆ နှစ်ကြာ တည်မြဲနေသည့် လာလီဂါ၏ ၁၈ နှစ်အောက် ဂိုးသွင်းအများဆုံး ကစားသမားဆိုသည့် စံချိန်ကို ချိုးဖျက်နိုင်မည်ဖြစ်သည်။

Ref:Marca

Facebook Comments Box
Facebook Comment