လိဂ်တွေရဲ့လမ်းမီးလွှတ်သမား

N ကြယ်မင်း

ဒီဘရိုင်း ၆ ပတ်နားတယ်။ ဒါဟာ ပစ်ချခံရတာပဲ။

ဂွါဒီယိုလာ လုပ်နိုင်ပါလိမ့်မယ်ဆိုတဲ့ ခင်ဗျားအသံက အခြားခြံထဲမှာပဲ ပွင့်မှာပါ။

လီဗာပူး၊ စပါး၊ အာဆင်နယ်တို့ကို သူမပါဘဲ ကျော်ဖြတ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းက အခုပဲ ရွာနေပြီ။

မန်ယူနိုက်တက်ရဲ့ တကယ့်လူရင်းကြီးတွေကပဲ ဆိုးလ်ရှားကို ဝိုင်းပြီး မနာလိုဖြစ်နေကြတာပါလို့ ဒွိုက်ယော့ခ်က ဆိုတယ်။

အဲ့ဒါကို ဘယ်သူကများ ဝန်ခံမှာတဲ့လဲ။ မနာလိုမှုဟာ လူတွေခိုးဝှက်ပြီး စိုက်ထားတဲ့သစ်ပင်ဖြစ်တယ်။

အဲ့ဒီက ရင့်မှည့်လာတဲ့အသီးကို တစ်ယောက်တည်း စားကြ၊ ပူလောင်ကြ၊ ဓာတ်ပျက်ကြ၊ ဖောင်းထုကြချေပေါ့။

ဒီကြားရက်မှာ လီဗာပူးကို စပါးကိုရှုံးခဲ့ရင် ဘာဖြစ်သွားမလဲ။

ခင်ဗျားတို့လိုပဲ ကျွန်တော်လည်း မတွေးဝံ့ပါဘူး။

ယူနိုက်တက်က ရှက်ဖီး၊ မန်စီးတီးက ဝက်စ်ဘရွန်းနဲ့ ကစားကြမယ့်အချိန်မှာ သူတို့က စပါးနဲ့ပါတဲ့။

ဘုရားသခင်၊ တပည့်တော် အပြစ်ပြုမိတာရှိရင် ထင်ရှားစွာ မြွက်ဟတော်မူပါ ဆိုတဲ့ ဂျာဂင်ကလော့ပ်တစ်ယောက် ဘုရားကျောင်းထဲက ထွက်လာတယ်။

သူက ဖာဂူဆန်လို ချန်ပီယံသရဖူကို ကာကွယ်လိုက်ချင်သေးသတဲ့။

အာဆင်နယ်က ဆောက်သမ်တန်ကို ရှုံးတယ်။ အက်ဖ်အေဖလားနဲ့ တရားဝင်ပြတ်စဲခဲ့တယ်။

ဒီဖလားမှာ အအောင်မြင်ဆုံးနဲ့ လက်ရှိချန်ပီယံလည်း ဖြစ်တဲ့အသင်းဟာ ရေမွန်း
ချေပေါ့။

အို.. မာတင်နယ်လီ၊ အို.. အန်ကီတီးယား၊ သင်တို့ဟာ အောင်မြင်သော လန်ဒန်ခြေအိတ် အရောင်းသမားကောင်းတွေလား၊ သင်တို့ဟာ ဘယ်လိုချန်ပီယံခရာမှုတ်သံကို
စောင့်နေတဲ့ အမိုက်အမဲလေးတွေပါလိမ့်။

ဆရာတော် ဆာကာက ၅၈ မိနစ်မှာ ဝင်ရောက်ကယ်တင်ပေမယ့် သူတော်စင်မြစ်ကမ်းမှာ `မှော်ဝင်ဆန်းပြား..´တွေကို မပြောင်းလဲနိုင်ခဲ့ဘူးပေါ့လေ။

လေဗာကူဆင်လည်းရှုံး၊ လိုက်ပ်ဇစ်လည်းရှုံး၊ ဘာအသုံးကျလို့လဲ ဘွန်ဒက်စ်လီဂါဆိုတဲ့တေးကို ကျွန်တော်ညည်းမိတယ်။

ဟော့ဒီမှာ ဂျာမန်လူစွာကလေးဟာ ဘာမှ၊ ဘာမှ မတတ်နိုင်ပါပေါ့၊ အဲ့ဒီလိုလား၊ နာဂျယ်စ်မန်းဟာ တန်းဆင်းဇုန်ထဲက အသင်းကို ငေးကြည့်နေရ။

ဒီရာသီမှာ Clean Sheets ၈ ကြိမ်ရထားတဲ့ ဟန်ဂေရီဂိုးသမား Peter Gulacsi ဟာ တုန်းအလွန်းလှချည်ရဲ့။

အသင်းတိုင်းက လိုချင်နေတဲ့ ပြင်သစ်နောက်ခံလူ အူပါမီကာနိုဟာ ဒီလောက်ပဲလားလု့ိ စနေညမှာ ဆူညံခဲ့တယ်။

လေဗာကူဆင်က ပျက်သွားပြီ။ သူတို့လည်း ချန်ပီယံဖြစ်နိုင်ခဲ့တယ်ဆိုတဲ့ မထော်မနန်းလေယာဉ်ဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ မီးလောင်ပျက်စီးခဲ့ရပြီ။

သူတို့ထဲမှာ ဒေါ့မွန်က အဆိုးဆုံးလည်းဖြစ်နိုင်တယ်။

နည်းပြဖာဗရီကို ဘယ်လိုအကျိုးအကြောင်းနဲ့လည်းမသိ ထုတ်ပယ်ခဲ့ပြီးတဲ့နောက် အ ဝါရောင်ကြယ်တွေဟာ လက်လွတ်စပယ် ကြွေခဲ့ကြရပြီပေါ့။

ဆန်ချိုက ဈေးတွေလွှတ်ကျ၊ ဟာလန်းက ဒီမှာဆက်မနေဖို့ ပိုသေချာလာ၊ မာကိုရူးစ်ကပြောခဲ့တယ်။

သူတို့နောက်ခံလူတွေရဲ့ပေးဆပ်နိုင်စွမ်းကို အံ့သြမိတယ်ဆိုလား။

တကယ်တော့ မင့်ကိုယ်တိုင်လည်း ၃၁ နှစ်သားအဖြစ်မှာတောင် အိုမင်းမစွမ်း ရှိချေပါရောလား ငါ့ညီ။

နောက်ဆုံးတော့ ဘိုင်ယန်ဘီလူးဟာ မီးပုံထဲကထွက်လာ၊ ဘွန်ဒက်စ်လီဂါကို ၉ နှစ်ဆက်သိမ်းဖို့ဖြစ်လာ။

အေး..ငါဖျားနေချိန်မှာတောင် ငါ့အနားကို မသီနိုင်သူတွေ နေခဲ့ကြပေတော့လို့ အချေတစ်လိုင်းရှိလာ။

စနေညမှာ မိုဗစ်မီလန်က အရေးနိမ့်ပြီး အင်တာလူကာကူက သရေကျရတယ်။

တကယ်တော့ အပြစ်တင်စရာလည်း မရှိလှပါဘူး။

အလှည့်တိုင်း(ရာသီတိုင်းမှာ) အထွေကလည်း မပါ၊ ဂျိုကာကလည်း တစ်ကောင်စ၊ နှစ်ကောင်စနဲ့ ဒီနှစ်မှာ ဒီလောက်လုပ်နိုင်တာပဲ တော်လှပြီဆိုတဲ့အဖြစ်။

ပီအိုလီက ပွဲတော်ကို သံသယနှုတ်ခမ်းတွေနဲ့ပဲ နမ်းတာပါ။

ကွန်တီက စိတ်ကူးထဲက မီးတောင်အပေါ် တက်ခုန်ခဲ့တယ်။

ဒီမှာလည်း နောက်ဆုံးတော့ ဂျူဗီပဲလားဆိုတဲ့ အတွေးရထားဟာ ပြေးဆွဲချင်လွန်းလို့
ရော်နယ်ဒိုဥသြကို ဆွဲနေပြီ။

အင်းလေ..ရိုးမားကလည်း ဂိုးတွေပေးရလွန်းလို့ အရေးပေါ်ပုလင်းချိတ်ဖို့ လိုနေပြီ။

လာဇီယိုက အီမိုဘီလီဈေးရက်မှပဲ စည်ကားတော့တဲ့ ရောမအသင်းကြီးပါကွာ..

လာလီဂါမှာ ဇီဒန်းကိုချစ်တယ်၊ ဆီမြွန်နီကို မုန်းခဲ့တယ်ဆိုရင်တောင် အဲ့ဒီလေကြီးလေကောင်းတွေ မတိုက်ခတ်နိုင်တော့ပါဘူးပေါ့။

ဆီမြွန်နီဟာ ဂိုးအောက်မက်ဒရစ် ဝတ်စုံကြီးကို တစ်နှစ်ပတ်လုံး နံစော်နေအောင် ဝတ်ဆင်မထားတော့ဘူးပေါ့။

အခါးသီးဆုံးပြိုင်ဘက် ရီးယဲလ်ထက် ပွဲလျော့ကစားပြီး အမှတ်ဖြတ်ထားပုံ၊ အခြားအသင်းများမှလည်း အခမဲ့ ရင်ခုန်ခွင့်တောင် ရှိမနေပုံ၊ မက်ဆီလိုနာက မက်ဆီပွဲပယ်ခံထားရပုံတွေနဲ့ ၂၀၁၃-၁၄ နောက်တစ်ခါ လာပြန်ချေပြီ ထင်ပါရဲ့။

ဒီတစ်ခါတော့ ခင်ဗျားနဲ့ အဆင်ပြေသားပဲ ဘဲကြီးဆီမြွန်နီ။

ဇီဒန်းက ကိုဗစ်ပေါ့စတစ်ဖြစ်လို့၊ ဟာဇက်က အဲ့ဒီကျမှ ဂိုးတွေထသွင်းလို့၊ ထားပါ၊
ဒီရာသီမှာ ပျော်သလိုနေပါစေတော့၊ လာမယ့်ရာသီရောက်မှ နောက်ထပ်ကြယ်စင်စုတွေကို ရှိုးမယ်။

အဲ့ဒီမှာ ဘာပေလေး ခေါ်ပါကွဲ့၊ ရာမို့စ်သာမက၊ ဗာရန်းနေရာအတွက်ပါ စဉ်းစားကြပါကွဲ့၊ မျှော်လင့်ချက် လမ်းမီးတွေလွှတ်ဖို့ နောက်မကျကြပါစေနဲ့ကွဲ့။

တကယ်ပါ။

ကျွန်တော် အဲ့ဒီလိုရှိပါတယ်။

Facebook Comments Box
Facebook Comment