လာလီဂါရာသီအစတွင် ပရိသတ်များ ကွင်းထဲ ဝင်ကြည့်ခွင့်ရဦးမည်မဟုတ်

စပိန်အစိုးရသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမှာ စိုးရိမ်စရာအနေအထားတွင် ရှိနေဆဲ ဖြစ်သောကြောင့် ၂၀၂၀-၂၁ လာလီဂါရာသီအစောပိုင်းတွင် ပရိသတ်များအား ကွင်းထဲသို့ ဝင်ရောက်ကြည့်ခွင့်ပေးသွားဦးမှာ မဟုတ်သေးပါဘူး။

လာလီဂါအဖွဲ့ချုပ်က ၂၀၂၀-၂၁ လာလီဂါရာသီသစ်အား လာမည့် စက်တင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်နေ့တို့တွင် စတင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။ စပိန်အစိုးရသည် နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအခြေအနေမှာ စိုးရိမ်စရာအနေအထားတွင် ရှိနေဆဲ ဖြစ်ပြီး လာလီဂါရာသီအစောပိုင်းပွဲစဉ်များတွင် ပရိသတ်များအား ကွင်းထဲသို့ ဝင်ရောက်ကြည့်ခွင့်ပေးသွားခြင်း မရှိရန် ဆုံးဖြတ်ထားသည်။

လာလီဂါကလပ်များကတော့ စက်တင်ဘာလရောက်ချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုမှာ ဆုတ်ယုတ်လာမည်ဟု ယုံကြည်နေကာ ရာသီအစပိုင်းတွင်ပင် ပရိသတ်များ ကွင်းအတွင်းသို့ ဝင်ရောက်ကြည့်ခွင့်ပေးနိုင်ရန် မျှော်လင့်နေသည်။

လက်ရှိအချိန်တွင် စပိန်နိုင်ငံအတွင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုပမာဏမှာ မြင့်မားနေ သော်လည်း သေဆုံးသူပမာဏနှင့် စိုးရိမ်ရသည့်ပမာဏတို့မှာ အလွန်နည်းပါးလာလျက်ရှိရာ ကလပ်များအနေဖြင့် ယခုနှစ်အတွင်းတွင် ပရိသတ်များအား ကွင်းအတွင်းသို့ ဝင်ရောက်ကြည့်ခွင့်ပေးနိုင်ရန် မျှော်လင့်နေသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပွဲများကို ရပ်ဆိုင်းခဲ့ရမှု၊ ပရိသတ်မပါဘဲ ပွဲကစားရမှုကြောင့် ကလပ်အသင်းများ၏ဝင်ငွေမှာ အကြီးအကျယ် ထိခိုက်နေပြီး ပရိသတ်များအား ကွင်းထဲသို့ အမြန်ဆုံး ဝင်ရောက်ကြည့်ခွင့်ပေးရန် မျှော်လင့်နေသည်။ ယူအီးအက်ဖ်အေသည် လာမည့် စက်တင်ဘာလတွင် ဘူဒါပတ်စ်၌ ကစားရမည့် ဥရောပစူပါဖလားပွဲစဉ်တွင် ကွင်းထဲသို့ ပရိသတ် ၃၀ ရာခိုင်နှုန်းအား လာရောက်ကြည့်ရှုစေကာ ပရိသတ်များအား ကွင်းထဲသို့ ဝင်ရောက်ကြည့်ခွင့်ပေးရေးအတွက် စမ်းသပ်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။

Ref: footballEspana

Facebook Comments Box
Facebook Comment