လာမည့် ပင်နယ်တီ သေချာပေါက် ဝင်စေရမည်ဟု ဘရူနိုဖာနန်ဒက်စ် ကတိပေး

ဘရူနိုဖာနန်ဒက်စ်သည် နယူးကာဆယ်နှင့်ပွဲတွင် ယူနိုက်တက်အတွက် ပထမဆုံး အကြိမ် ပင်နယ်တီ လွဲချော်ပြီးနောက် လာမည့် ပင်နယ်တီ သေချာပေါက် ဝင်ရမည် ဖြစ်ကြောင်း ယူနိုက်တက်ပရိသတ်များကို ကတိပြု ပြောကြားလာသည်။

ဖာနန်ဒက်စ်သည် နယူးကာဆယ်ကို ၄-၁ ဖြင့် အနိုင်ရရှိသည့်ပွဲတွင် ပင်နယ်တီ ကန်ခဲ့ရာ ဂိုးသမားကားလ်ဒါလောက ပုတ်ထုတ်ကာကွယ်သွားခဲ့သည်။ သူသည် ယူနိုက်တက်အတွက် ပင်နယ်တီ ၁၁ ကြိမ် ကန်သွင်းရာတွင် ၁၀ ကြိမ်ဆက်တိုက် ဝင်ပြီးနောက် ပထမဆုံးအကြိမ် လွဲချော်ခဲ့ခြင်းလည်း ဖြစ်သည်။

ယူနိုက်တက်နည်းပြဆိုးလ်ရှားသည် ယနေ့ညတွင် ကစားမည့် ပီအက်စ်ဂျီနှင့်ပွဲတွင် အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယားကို အနားပေးထားမှုနှင့်အတူ ဖာနန်ဒက်စ်ကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ထားသည်။

ဖာနန်ဒက်စ်က “ကျွန်တော်က လူသားပါ။ မှားတတ်ပါတယ်။ နောက်တစ်ကြိမ် ဒါမျိုး မဖြစ်ချင်ပါဘူး။ ဖြစ်လည်းမဖြစ်ခဲ့ပါဘူး(နယူးကာဆယ်ပွဲ)။ ဂိုးသမားက ကောင်းမွန်စွာ ကာကွယ်သွားခဲ့ပါတယ်။ ကျွန်တော်က မှန်မှန်ကန်ကန် မလုပ်နိုင်ခဲ့ဘူး။ ဂိုးသမားကို အသေအချာ ဆန်းစစ်လေ့လာမှု လုပ်ခဲ့ပေမယ့် ဘောလုံးကို လိုချင်တဲ့နေရာသို့ ရောက်အောင် မကန်နိုင်ခဲ့ပါဘူး။ ပင်နယ်တီ ကန်ရာမှာ ပိုကောင်းအောင် အများကြီး လေ့ကျင့်သွားပါဦးမယ်။ နောက်တစ်လုံး သေချာပေါက် ဝင်ရပါစေမယ်”ဟု ပြောကြားခဲ့သည်။

ဖာနန်ဒက်စ်သည် ကစားသမားဘဝတစ်လျှောက် ပင်နယ်တီ ၃၃ ကြိမ် ကန်သွင်းရာမှာ အကြိမ် ၃၀ ဝင်အောင် သွင်းထားနိုင်သူ ဖြစ်သည်။ သူသည် နယူကာဆယ်နှင့်ပွဲတွင် ပင်နယ်တီ မဝင်မှုမတိုင်မီ နောက်ဆုံးအကြိမ် ပင်နယ်တီ လွဲခဲ့သည်မှာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတုန်းက စပို့တင်းလစ္စဘွန်းတွင် ကစားစဉ်က ဖြစ်သည်။

ယူနိုက်တက်သည် ယနေ့ညတွင် ပီအက်စ်ဂျီကို ချန်ပီယံလိဂ် အဝေးကွင်း သွားကစားရမှာ ဖြစ်ပြီး ယခုအပတ်အကုန်၌ ချဲလ်ဆီးနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment