လာမည့်အပတ်တွင် ဗန်ဒီဘိခ် ပွဲထွက်ကစားခွင့် ရမည်ဟု ဆိုးလ်ရှား ဖွင့်ဟ

မန်ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက နယ်သာလန်ကွင်းလယ်လူ ဗန်ဒီဘိခ်အနေဖြင့် လာမည့်အပတ်များတွင် ပထမ ၁၁ ယောက်စာရင်းမှ ပွဲထွက်ကစားခွင့် ရရှိမည်ဟု အာမခံ ပြောကြားလိုက်သည်။

အေဂျက်စ်မှ ပေါင် သန်း ၄၀ ဖြင့် ပြောင်းရွှေ့လာသော ဗန်ဒီဘိခ်သည် ယူနိုက်တက်သို့ ရောက်ရှိလာပြီးနောက် ပရီးမီးယားလိဂ်တွင် ပထမ ၁၁ ယောက်စာရင်းမှ တစ်ကြိမ်မှ ကစားခွင့်မရဘဲ လူစားဝင်အဖြစ်သာ ပါဝင်ခွင့်ရနေသည်။

ဆိုးလ်ရှားသည် ယမန်နေ့ညက နယူးကာဆယ်အား ၄-၁ ဂိုးဖြင့် အနိုင်ရသော ပွဲတွင်လည်း ဗန်ဒီဘိခ်ကို အရန်စာရင်းတွင်သာ ထားရှိပြီး ပွဲချိန် ၇၆ မိ နစ်ကျမှသာ ဒန်နီရယ်ဂျိမ်းစ်ကိုထုတ်ကာ လူစားဝင်ကစားခွင့် ပေးခဲ့သည်။

ခရစ္စတယ်ပဲလေ့စ်အား ရှုံးနိမ့်သော ပရီးမီးယားလိဂ် အဖွင့်ပွဲတွင် ယူနိုက်တက်အတွက် တစ်လုံးတည်းသော ချေပဂိုး သွင်းယူခဲ့သူ ဗန်ဒီဘိခ်သည် ယခုရာသီ ယူနိုက်တက်၏ ပရီးမီးယားလိဂ် ၄ ပွဲတွင် စုစုပေါင်း ၅၉ မိနစ်သာ ကစားခွင့်ရထားသည်။

အဆိုပါ အခြေအနေအပေါ် ဗန်ဒီဘိခ်၏ အေးဂျင့်ဖြစ်သူက ဝေဖန်ခဲ့ဖူးပြီး အခြား ကလပ်များကလည်း အသက် ၂၃ နှစ်အရွယ် ကွင်းလယ်လူ၏ အနေအထားကို စောင့်ကြည့်လျက်ရှိသည်ဟု သတင်းထွက်နေသည်။

ဆိုးလ်ရှားက “ဗန်ဒီဘိခ် ပွဲကစားခွင့် ရမယ့်အချိန်တွေ ရလာမှာပါ။ သူက အံ့အားသင့်စရာကောင်းပြီး အသင်းရဲ့အစုအဖွဲ့ထဲမှာ ပါဝင်ပါတယ်။ ဒီညပွဲနဲ့ လေ့ကျင့်ရေးကွင်းမှာ သူ ကျွမ်းကျွမ်းကျင်ကျင်နဲ့ သေသေသပ်သပ် လုပ်တာ ကျွန်တော်မြင်ရတယ်။

ကျွန်တော်တို့ ဟန်ချက်မျှအောင် ကစားပြီး ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့တယ်။ ခင်ဗျားက ကျွန်တော့်ကို ကစားသမားတစ်ဦးကို ဘာကြောင့် ပွဲအစကတည်းက မသုံးတာလဲလို့ မေးနေတာလဲ။ သူက အသင်းအပေါ် အကျိုးသက်ရောက်မှု ကောင်းကောင်းပေးပါတယ်” ဟု ပြောသည်။

Ref:dailymail

Facebook Comments Box
Facebook Comment