လာမည့်ရာသီတွင် ပရိသတ်၈၅၀၀ ကို ကွင်းအတွင်း ဝင်ကြည့်ခွင့် ရရှိသွားသည့် လိုက်ဇစ်

လိုက်ဇစ်သည် လာမည့် စက်တင်ဘာလ ၂၀ ရက်နေ့တွင် မိန့်ဇ်နှင့် ကစားရမည့် ဘွန်ဒက်စ်လီဂါရာသီအဖွင့်ပွဲစဉ်တွင် ပရိသတ်များအား ကွင်းအတွင်းသို့ ဝင်ရောက် ကြည့်ခွင့်ရရှိသွားပြီ ဖြစ်သည်။

မေလတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်တန့်ခဲ့သည့် ဘောလုံးပွဲများ ပြန်လည် စတင် လာချိန်တွင် ဥရောပတလွှား၌ ကွင်းအတွင်းသို့ ပရိသတ်များ ဝင်ကြည့်ခွင့်ပေးသည့် တစ်ခုတည်းသော လိဂ်အဖြစ် လီဂူး-၁သာ ရှိနေခဲ့သည်။

သို့ရာတွင် ဂျာမနီသည်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု လျှော့ကျလာမှုနှင့်အတူ လိုက်ဇစ်အား လာမည့် မိန့်ဇ်နှင့် အိမ်ကွင်းပွဲစဉ်တွင် ပရိသတ်များကို ကွင်းအတွင်း ဝင်ကြည့်ခွင့်ရန် ခွင့်ပြုချက်ပေးလိုက်ပြီ ဖြစ်သည်။

လိုက်ဇစ်သည် ၎င်းတို့၏ ပရိသတ် ၄၂၀၀၀ ဆန့်ကွင်းအတွင်းသို့ ပရိသတ် ၈၅၀၀ အထိသာ ဝင်ရောက်ကြည့်ခွင့်ပေးရမှာ ဖြစ်ပြီး ကွင်းအတွင်းသို့ ဝင်ရောက်သည့် ပရိသတ်အားလုံးကို နှာခေါင်းစည်း တပ်ဆင်စေရမည်ဖြစ်သည်။

လိုက်ဇစ်သည် အင်္ဂါနေ့တုန်းက ဆာဆိုနီဒေသတွင် ဖြေလျှော့မှုအသစ်များ ပြုလုပ် လာမှုနှင့်အတူ ကွင်းအတွင်းသို့ ပရိသတ်အချို့တို့အား ဝင်ကြည့်ခွင့်ပေးရေး အတွက် ဒေသခံအာဏာပိုင်ထံသို့ တင်ပြမှု ပြုလုပ်ခဲ့ရာ ခွင့်ပြုချက် ရရှိလာခြင်း ဖြစ်သည်။ သို့ရာတွင် လိုက်ဇစ်အနေဖြင့် ဒေသအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အခြေအနေ မြင့်တက်မှု ဖြစ်လာပါက မိန့်ဇ်နှင့်ပွဲတွင် ပရိသတ်များအား ဝင်ကြည့်ခွင့်ပေးနိုင်မည် မဟုတ်ချေ။

လိုက်ဇစ်နည်းပြဂျူလီယန်နီဂယ်မန်းက “အသင်းအတွက်ကတော့ သတင်းကောင်းပါပဲ။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ပရိသတ်တွေအတွက်ပေါ့။ ပရိသတ်တွေမပါဘဲ ကစားလာခဲ့ရတာ ခြောက်လတောင် ရှိပါပြီ။ ပရိသတ်တွေ၊ အားပေးသံတွေကို အရမ်းသတိရနေပါတယ်”ဟု ပြောကြားသွားသည်။

လိုက်ဇစ်သည် ၂၀၁၉-၂၀ ရာသီတုန်းက ဘွန်ဒက်စ်လီဂါတွင် အဆင့် ၃ နေရာတွင် ရပ်တည်နိုင်ခဲ့သည့်အပြင် ချန်ပီယံလိဂ်တွင်လည်း ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

Facebook Comments Box
Facebook Comment