လာမည့်ရာသီတွင် ကွန်တီ၏ကစားဟန်ကို ဂျူဗင်တပ်တွင် မြင်တွေ့ရမည်လား?

လာမည့်ရာသီတွင် ပီယာလို၏ဂျူဗင်တပ်အသင်းကို ကွန်တီ၏ဂျူဗင်တပ်အသင်း ကစားဟန်ဖြင့် မြင်တွေ့ရဖွယ်ရှိသည်။ ပီယာလိုသည် နည်းပြအတွေ့အကြုံလုံးဝ မရှိသော်လည်း ဂျူဗင်တပ်စီနီယာအဖြစ် ခန့်အပ်ခြင်းခံသူဖြစ်သည်။

အင်ဒရေပီယာလိုသည် ဩဂုတ်လ ၈ ရက်နေ့တုန်းက ဂျူဗင်တပ်ယူ-၂၃ နည်းပြရာထူးမှ စီနီယာအသင်းနည်းပြအဖြစ် တိုးမြှင့် ခန့်အပ်ခြင်းခံခဲ့ရသည်။

အသက် ၄၁ နှစ်ရှိ ပီယာလိုသည် ဂျူဗင်တပ်တွင် နည်းပြကွန်တီ၏လက်အောက်၌ ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ကစားခဲ့သူဖြစ်သည်။ ၎င်းတို့သည် ဂျူဗင်တပ်နှင့်အတူ စကူဒက်တိုဖလား အား သုံးကြိမ်ဆက်ဆွတ်ခူးနိုင်ခဲ့ကြသည်။ သူသည် သူကိုင်တွယ်နေသည့် ဂျူဗင်တပ်အသင်းကို လည်း ကွန်တီလက်ထက်ဂျူဗင်တပ်အသင်းကဲ့သို့ နည်းဗျူဟာအခြေခံမျိုးဖြင့်ပင် ကစားရန် ရည်ရွယ်ထားသည်။

ပီယာလိုက “ကျွန်တော်တို့ ဆန္ဒနဲ့စည်းလုံးညီညွှတ်မှုအမြင့်ဆုံးအဆင့်သို့ ရောက်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ပေးဆပ်မှု၊ တစ်ဦးအတွက် တစ်ဦး အစွမ်းလုပ်ဆောင်ပေးမှုနဲ့ အစွမ်းအလုပ်ကြိုးစားမှုတို့နဲ့ဘဲ ကျွန်တော်တို့ရည်မှန်းချက်တွေ ပြည့်နိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ပြောကြားခဲ့သည်။

ဆာရီသည် ဂျူဗင်တပ်ကို စကူဒက်တိုဖလားအား ကိုးကြိမ်ဆက် ဆွတ်ခူးနိုင်အောင် ဦးဆောင်နိုင်ခဲ့သော်လည်း ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တွင် လိုင်ယွန်ကို ရှုံးနိမ့်ကာ ထွက်ခွာရမှုကြောင့် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ ပီယာလိုသည် ဂျူဗင်တပ်ကို ကိုင်တွယ်ရာတွင် နည်းပြဆာရီ၏နည်းစနစ်ကို သုံးမလား မေးခွန်းထုတ်ခြင်းခံနေရသည်။ သို့ရာတွင် ပီယာလိုကတော့ သူ လုပ်ဆောင်မည့်အရာများကို အသင်းအား ပြောကြားထားပြီး ဖြစ်သည်။

ပီယာလိုက “ပြီးခဲ့တဲ့ကာလမှာ ကျွန်တော်တို့မှာ မရှိခဲ့တဲ့ စိတ်တက်ကြွမှုအချို့ကို ပြန်လည် ယူဆောင်ချင်ပါတယ်။ ကျွန်တော်က အခြေအနေဖန်တီးယူတာမျိုး၊ကစားဟန်ထိန်းချုပ်တာမျိုးနဲ့ ကစားချင်တဲ့အကြောင်း ကောင်လေးတွေ(ဂျူဗင်တပ်ကစားသမားများ)ကို ပြောထားပြီးပါပြီ။ သူတို့ကို အဓိကအချက်နှစ်ချက်ပြောခဲ့ပါတယ်။ ပထမအချက်ကတော့ ဘောလုံးအမြဲတမ်း ပိုင်ဆိုင်ထားရမယ်။ ဒုတိယအချက်ကတော့ ဘောလုံးဆုံးရှုံးသွားရင် အမြန်ဆုံး ပြန်ယူရမယ်။ ဒါက နည်းစနစ်ပိုင်းနဲ့ပတ်သက်ပြီး သူတို့ကို ပထမဆုံး ပြောခဲ့တာပါ။ ဒီအချက်တွေက အသင်းအတွက် အရေးပါဆုံးစိတ်ဓာတ်တွေ ဖြစ်ပါတယ်”ဟု ပြောကြားသွားသည်။

ဂျူဗင်တပ်သည် ယခုနွေရာသီတွင် ဘာစီလိုနာမှ ဘရာဇီးလက်ရွေးစင်ကွင်းလယ်ကစားသမားအာသာကို ခေါ်ယူထားပြီးဖြစ်ကာ အပြန်အလှန်အနေဖြင့် ပီယာနစ်ကို ဘာစီလိုနာသို့ ပေးခဲ့ရသည်။

ပီယာလိုက အာဂျင်တီးနားတိုက်စစ်မှူးပေါ်လိုဒိုင်ဘာလာမှာ အသင်း၏အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်နေကြောင်းနှင့် ဟီဂူယင်မှာ ထွက်ခွာမည်ဖြစ်ကြောင်း အတည်ပြုထားသည်။ ဟီဂူယင်သည် ဂျူဗင်တပ်နှင့်တစ်နှစ်စာချုပ်သက်တမ်းသာ ကျန်ရှိတော့သည့် ကစားသမားဖြစ်သည်။

Ref: Juventus

Facebook Comments Box
Facebook Comment