လာဇီယိုနှင့် ငါးနှစ်စာချုပ်သစ်ချုပ်ဆို လိုက်သည့် ဥရောပရွှေဖိနပ်ဆုရှင် စီရိုအမ်မိုဘိုင်း

အီတလီလက်ရွေးစင်တိုက်စစ်မှူးစီရိုအမ်မိုဘိုင်းသည် လာဇီယိုတွင် ၂၀၂၅ ခုနှစ်အထိ ရှိနေမည့်စာချုပ်သစ်အားချုပ်ဆိုလိုက်သည်။ ယင်းစာချုပ်ကြောင့် ယမန်နှစ် စီးရီးအေဂိုးသွင်းဘုရင်ဆုနှင့်ဥရောပရွှေဖိနပ်ဆုတို့ကို ဆွတ်ခူးနိုင်ခဲ့သည့် အမ်မိုဘိုင်းသည် လာဇီယိုတွင် ကစားသမားဘဝကုန်ဆုံးရရန် သေချာသလောက် ရှိနေပြီ ဖြစ်သည်။

အမ်မိုဘိုင်းသည် နွေရာသီအပြောင်းအရွှေ့အစောပိုင်းတုန်းက နယူးကာဆယ်၏ ဆက်သွယ်မှု ရရှိခဲ့သော်လည်း လာဇီယိုတွင် ကစားသမားဘဝ ကုန်ဆုံးလိုနေပြီး လာဇီယိုနှင့်စာချုပ်သစ်ချုပ်ဆိုရန် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ဖူးသူ ဖြစ်သည်။ အသက် ၃၀ နှစ်ရှိ အမ်မိုဘိုင်းသည် ယင်းစာချုပ်ကြောင့် အသက် ၃၅ နှစ်အထိ လာဇီယိုတွင် ရှိနေမည်ဖြစ်သည်။

အမ်မိုဘိုင်းသည် ပြီးခဲ့သည့် ရာသီတုန်းက လာဇီယိုအတွက် စီးရီးအေပွဲ ၃၇ ပွဲတွင် ၃၆ ဂိုးသွင်းယူကာ စီးရီးအေဂိုးသွင်းဘုရင်ဆုနှင့် ဥရောပရွှေဖိနပ်တို့အား ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။ သူသည် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လတွင် လာဇီယိုသို့ ရောက်လာပြီးနောက် ၁၇၈ ပွဲကစားကာ ၁၂၅ ဂိုး သွင်းယူထားသူဖြစ်သည်။

La Gazzetta dello Sport ၏ ဖော်ပြချက်အရ အမ်မိုဘိုင်းသည် စာချုပ်သစ်ကြောင့် တစ်နှစ်လုပ်ခယူရို ၄ သန်းအပြင် ခြေစွမ်းနှင့်အောင်မြင်မှုအပေါ်မူတည်ကာ အပိုဆုကြေးရရှိမှာ ဖြစ်ကြောင်း သိရသည်။

Facebook Comments Box
Facebook Comment