လာကာဇက်တီ၏ဂိုးကို ခွင့်မပြုမှုအတွက် အာတီတာ ဒေါသထွက်

အာဆင်နယ်နည်းပြအာတီတာသည် အိမ်ကွင်း၌ လက်စတာအား ရှုံးနိမ့်သည့်ပွဲ ပထမပိုင်းတွင် လာကာဇက်တီ၏ ခေါင်းတိုက်ဂိုးကို ခွင့်မပြုမှုအတွက် ဝေဖန်သွားခဲ့သည်။ အာဆင်နယ်သည် အိမ်ကွင်း၌ လက်စတာအား ရှုံးနိမ့်သည့်ပွဲတွင် ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ကစားနိုင်ပြီး ကန်သွင်းမှု ၁၂ ကြိမ်ပြုလုပ်နိုင်ခဲ့သော်လည်း လက်စတာဂိုးသမားကက်စပါကို ခြိမ်းခြောက်နိုင်ခဲ့ ခြင်းမရှိဘဲ ၂၀၂၀ ခုနှစ်အတွင်းတွင် ပထမဆုံး အိမ်ကွင်းရှုံးပွဲ ကြုံတွေ့ခဲ့ရပါတယ်။

ဂျေမီဗာဒီသည် အာဆင်နယ်နှင့်ပွဲတွင် အရန်ခုံမှ ထကာ လူစားဝင်ရောက် ကစားပြီးနောက် အဖိုးတန်အနိုင်ဂိုး သွင်းယူခဲ့ခြင်းဖြစ်ပြီး ၁၉၇၃ ခုနှစ်နောက်ပိုင်းတွင် အာဆင်နယ်ကို အဝေးကွင်း၌ ပထမဆုံးအကြိမ် အနိုင်ရရှိခဲ့သည်။

အသက် ၃၃ နှစ်ရှိ ဗာဒီသည် ခြေသလုံးဒဏ်ရာကြောင့် လက်စတာ၏ နှစ်ပွဲကို လွဲချော်ခဲ့သူဖြစ်ပြီး ၂၆၂ မိနစ်ကြာ ဂိုးပေါက်ပျောက်မှုကို အဆုံးသတ်နိုင်ခဲ့သည်။ သူသည် လူစားဝင်ရောက်လာပြီးနောက် ဘောလုံးထိမှု ၁၁ ကြိမ်သာ ပြုလုပ်နိုင်ခဲ့သော်လည်း ၁ ဂိုး သွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။

အာဆင်နယ်သည် ပထမပိုင်းတွင် ထောင့်ကန်ဘောမှ လာကာဇက်တီ၏ ခေါင်းတိုက်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဇာခါနှင့် အူဘာမီယန်တို့ လူကျွံနေမှုကြောင့် ဂိုးအဖြစ် သတ်မှတ်ပေးခြင်း မခံခဲ့ရပါဘူး။

အာတီတာက “အရမ်း စိတ်ပျက်ရပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ လက်ထဲမှာ အပိုင်ရှိနေခဲ့တာပါ။ ဒီဂိုးကို ဘာကြောင့် ခွင့်မပြုရသလဲ ကျွန်တော် မသိပါဘူး။ သူတို့(လက်စတာ)ဟာ နောက်တန်းမှာ နေရာလွတ်မပေးဘဲ ကျွန်တော်တို့ကို ပိတ်ဆို့ထားခဲ့တယ်။ အဲဒီအချိန်မှာဘဲ ကျွန်တော်တို့ ရှုံးနိမ့်သွားခဲ့ပါတယ်” ဟု ပြောကြားသွားသည်။

လက်စတာနှင့်ပွဲတွင်လည်း ဂိုးမသွင်းနိုင်မှုကြောင့် အာဆင်နယ် အသင်းခေါင်းဆောင် အူဘာမီယန်မှာ ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ၅ ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့ရသည်။ အူဘာမီယန်သည် အာတီတာ လက်ထက်တွင် ဘယ်တောင်ပံသို့ ထွက်ကစားနေရပြီး လက်စတာပွဲမတိုင်မီ ပရီးမီးယားလိဂ် ၅ ပွဲတွင် ၆ ကြိမ်သာ ကန်ခွင့်ရသည်အထိ အခွင့်အရေး ဖန်တီးမှု နည်းပါးစွာ ရရှိမှုနှင့်အတူ ဂိုးရရှိရန် ရုန်းကန်နေရခြင်းလည်း ဖြစ်သည်။

Facebook Comments Box
Facebook Comment