လစာလျှော့မယူလို့ ဝေဖန်ခံနေရတဲ့ အိုဇေးလ်ဘက်က ကာကွယ်ခဲ့တဲ့ ပိုလ်ဒေါစကီး

တူရကီကလပ် အန်တယ်ယာစပေါတွင်ကစားနေသော ဂျာမနီတိုက်စစ်မှူ းဟောင်း လူးကပ်စ်ပိုလ်ဒေါစကီးက အသင်းဟောင်းအာဆင်နယ်တွင် လစာလျှော့မယူသောကြောင့် ဝေဖန်ခံနေရသည့် ဂျာမနီလက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်း မီဆက်အိုဇေးလ်ဘက်မှ ကာကွယ်ပြောကြားလိုက်သည်။


၃၁ နှစ်အရွယ် အိုဇေးလ်သည် အာဆင်နယ်တွင် တစ်ပတ်လစာ ပေါင် ၃ သိန်းခွဲခန့်ရရှိနေပြီး ပရီးမီးယားလိဂ် လစာအကောင်းဆုံးကစားသမားများအနက် တစ်ဦးဖြစ်သည်။

၎င်းသည် ၂၀၁၃ တွင် ရီးရဲလ်မက်ဒရစ်မှ ပေါင် ၄၂ ဒသမ ၅ သန်းဖြင့် ပြောင်းရွှေ့လာပြီးနောက် အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၂၅၄ ပွဲတွင် ၄၄ ဂိုးသွင်းကာ အက်ဖ်အေဖလား ၄ ကြိမ် ဆွတ်ခူးထားသည်။


၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာတွင် ကစားသမားဟောင်း အာတီတာ အာဆင်နယ်နည်းပြဖြစ်လာပြီးနောက် အိုဇေးလ်မှာ ဘောလုံးအကြောင်းပြချက်ဖြင့် ပွဲကစားခွင့်နည်းပါးခဲ့ပြီး တစ်ဦးတည်းလေ့ကျင့်နေရသည်အထိ ဆက်ဆံရေးဆိုးရွားခဲ့သည်။


ကိုဗစ်ကာလတွင် အာဆင်နယ်အသင်းက အိုဇေးလ်၏လစာကို ၁၂ ဒသမ ၅ ရာခိုင်နှုန်းခန့်လျှော့ယူရန် ပြောကြားခဲ့သော်လည်း ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံ အိုဇေးလ်က လက်မခံဘဲ ပယ်ချခဲ့သည်။


အာဆယ်နယ်နှင့် စာချုပ်သက်တမ်း တစ်နှစ်သာကျန်တော့သည့် အိုဇေးလ်က လစာလျှော့မယူသည့် ကစားသမားမှာ မိမိတစ်ဦးတည်းသာမဟုတ်ဘဲ အခြားသူများလည်း လျှော့မယူကြောင်း ဖွင့်ဟခဲ့သလို လူများက မိမိ၏ဘဝကို ဖျက်ဆီးချင်နေကြသည်ဟုလည်း ဝေဖန်ခဲ့သည်။

အာတီတာအနေဖြင့် အိုဇေးလ်ကို ပွဲကစားခွင့်မပေးသော်လည်း လစာကိုမူ အပြည့်အဝပေးနေရသောကြောင့် နစ်နာမှုများရှိနေသလို အိုဇေးလ်၏အေးဂျင့်ကလည်း မိမိ၏ကစားသမားမှာ စာချုပ်ပြည့်သည်အထိ အာဆင်နယ်တွင် ဆက်ရှိနေမည်ဟု ဆိုသည်။


အိုဇေးလ်နှင့်အတူ အာဆင်နယ်တွင် ၃ နှစ်ကြာ အတူတွဲကစားဖူးသည့် ပိုဒေါလ်စကီးက ၎င်း၏သူငယ်ချင်း အိုဇေးလ်မှာ အကျင့်စရိုက် ကောင်းသူဖြစ်ပြီး နည်းပြ၊ ကစားသမားများ၏ ထောက်ခံမှုကို ရရှိနေကြောင်း၊ သို့သော် ကလပ်အသင်းမှ တာဝန်ရှိသူများနှင့် တစ်ခုခုဖြစ်နေသည်ကို ခံစားမိ ကြောင်း ပြောသည်။

Ref:dailymail

Facebook Comments Box
Facebook Comment