လစာလျှော့ချရေး ကစားသမားများနှင့် သဘောတူညီမှုမရသေးသည့် ဘာစီလိုနာ

ဘာစီလိုနာသည် ကစားသမားများနှင့် လုပ်ခလျှော့ချရေး ကာလရှည်ကြာဆွေးနွေးမှု အဆင်မပြေသဘောတူညီမှု မရရှိခဲ့ကြောင်း သိရသည်။ ဘာစီလိုနာသည် ကိုဗစ်ကြောင့် အသင်း၏ဝင်ငွေများစွာ ထိခိုက်မှုနှင့်အတူ လာမည့် ဇန်နဝါရီလမတိုင်မီ ကစားသမားများအား လုပ်ခ ၃၀ ရာခိုင်နှုန်း လျှော့ချရန် အရေးပေါ်လိုအပ်နေကာ မလျှော့ချနိုင်ပါက ဒေဝါလီခံရမည့် အခြေအနေမျိုးတွင် ရှိနေသည်။

ဘာစီလိုနာသည် ၂၀၂၀-၂၁ ရာသီတွင် ဝင်ငွေ ယူရိုသန်း ၃၀၀ အထိ လျှော့ကျလာမည် ဖြစ်ရာ ကလပ်၏ ကစားသမားလုပ်ခ ယူရို ၁၉၁ သန်းကို အရေးပေါ်လျှော့ချရန် လိုအပ်နေသည်။

သို့ရာတွင် ဘာစီလိုနာနှင့် ကစားသမားများ၏ကိုယ်စားလှယ်များအကြား ဗုဒ္ဓဟူးနေ့က ဆွေးနွေးမှု ပြုလုပ်ခဲ့ရာတွင်လည်း ဆက်လက်သဘောတူညီမှု မရရှိခဲ့ကြချေ။

ဘာစီလိုနာသည် တစ်နှစ်လျှင် ကစားသမားလုပ်ခ ဒေါ်လာ ၁ ဘီလီယံကျော်ဖြင့် ဥရောပတွင် လုပ်ခအများဆုံးအသုံးပြုသည့် ကလပ်ဖြစ်သည်။

စပိန်မီဒီယာများ၏ ဖော်ပြချက်အရ ဘာစီလိုနာကစားသမားများက ကလပ်ဘက်က ကစားသမားအားလုံးကို ရာခိုင်နှုန်း တူညီသည့် လုပ်ခလျှော့ချမှု မပြုလုပ်ခြင်း၊ ဘတ်စကက်ဘောအသင်းမှ ကစားသမားများကို လုပ်ခလျှော့ချခြင်း မပြုလုပ်ခြင်း၊ ဘာစီလိုနာ (ခ)အသင်းမှ လူငယ်များကိုလည်း လုပ်ခလျှော့ချခြင်းစသည်တို့အား လက်မခံနိုင်ဖြစ်ကြောင်း သိရသည်။

ဘာစီလိုနာကစားသမားများအနေဖြင့် ကလပ်က လုပ်ခလျှော့ချမှု ပြုလုပ်လာလျှင် စပိန်အလုပ် သမားဥပဒေအရ စာချုပ်ဖျက်သိမ်းခွင့် ရှိနေရာ ယခု ဖြစ်ရပ်တွင် အသာစီး ရရှိလျက်ရှိသည်။

ဘာစီလိုနာသည် စာချုပ်သက်တမ်းတိုးထားနိုင်သည့် ပီကေးကို ၅၀ ရာခိုင်နှုန်းနှင့် တာစတီဂန်၊ လင်ဂလက်၊ ဒီဂျောင်တို့ကို ၃၀ ရာခိုင်နှုန်း လုပ်ခလျှော့ချရန် သဘောတူညီမှု ရရှိထားသည်။

Facebook Comments Box
Facebook Comment