လစာများပြားလွန်း၍ ရော်နယ်ဒိုကို ဂျူဗီ ရောင်းချနိုင်

စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘဏ္ဍာရေးအခြေအနေ ယခင်လိုမဟုတ်ဘဲ လျော့ပါးနေခြင်းအား ထေမိနိုင်ရေးအတွက် လုပ်ခလစာ များပြားလွန်းသော ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုအား ရောင်းချသွားဖွယ် ရှိနေကြောင်း သိရသည်။

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ၅ ဆုရှင် ရော်နယ်ဒိုသည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လအတွင်း ရီးရဲလ်မက်ဒရစ်မှ ယူရို သန်း ၁၀၀ ကျော်ဖြင့် ရောက်ရှိလာပြီးနောက် ဂျူဗင်တပ်စ်နှင့်အတူ စီးရီးအေ ချန်ပီယံ ၂ ကြိမ်၊ အီတလီ စူပါဖလား ၁ ကြိမ် ရယူထားသည်။

ယခုရာသီ စီးရီးအေ ၄ ပွဲကစားကာ ၆ ဂိုးသွင်းထားသော ရော်နယ်ဒိုသည် ဂျူဗင်တပ်စ်တွင် တစ်နှစ်လစာ ပေါင် ၂၈ သန်းရရှိနေပြီး စီးရီးအေ၏ လစာအကောင်းဆုံး ကစားသမားအဖြစ် ရပ်တည်နေသည်။

အသက် ၃၅ နှစ်အရွယ် ရော်နယ်ဒို၏ လစာသည် ဂျူဗင်တပ်စ်၏ လစာအများဆုံး ကစားသမားဖြစ်သော အသင်းဖော် ပေါ်လိုဒီဘာလာထက်ပင် ၅ ဆခန့် ပိုမိုများပြားသည်။

ကိုရိုနာဗိုင်းရပ်စ် ရိုက်ခတ်မှုကြောင့် ဂျူဗင်တပ်စ် တာဝန်ရှိသူများသည် ကစားသမားများ၏ လစာငွေကို လျှော့ချနိုင်ရေးအတွက် ရော်နယ်ဒိုကို ခေါ်ယူလိုသော အသင်းများရှိပါက ကမ်းလှမ်းမှုအပေါ် လက်ခံစဉ်းစားသွားမည် ဖြစ်သည်။

ဂျူဗင်တပ်စ်သည် ၂၀၂၂ နွေရာသီအထိ စာချုပ်ရှိနေသေးသော ရော်နယ်ဒိုကို လာမည့်နွေရာသီတွင် ပြန်လည်ရောင်းချရန် စီစဉ်ထားပြီး အကယ်၍ မရောင်းချပါက စာ ချုပ်ကုန်ချိန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရဖွယ် ရှိနေသည်။

အသက် ၄၀ အထိ ဘောလုံးကစားမည်ဟု ပြောကြားထားသော ရော်နယ်ဒိုကို ပီအက်စ်ဂျီ၊ မေဂျာလိဂ်၊ တရုတ်စူပါလိဂ်နှင့် အရှေ့အလယ်ပိုင်း ကလပ်များက ခေါ်ယူရန် စောင့်ကြည့်နေသည်ဆိုသော သတင်းများလည်း ထွက်ပေါ်နေသည်။

Ref:talksport

Facebook Comments Box
Facebook Comment