လက်ရှိ ချန်ပီယံတို့ တိုက်စစ်စွမ်းရည် ပြခဲ့တဲ့ ဂိုးပြတ် နိုင်ပွဲ

ကမ္ဘာ့ဖလား လက်ရှိ ချန်ပီယံ ပြင်သစ် အသင်းဟာ ဘင်ဇီမာ ပါမလာပေမယ့် တိုက်စစ် စွမ်းရည် မြင့်မားကြောင်း ဩစတြေးလျကို ၄ ဂိုးသွင်းပြီး သက်သေ ပြခဲ့ပါတယ်။

ဂျရူး၊ အမ်ဘာပေ၊ ဂရစ်ဇ်မန်း၊ ဒမ်ဘီလီတို့ တိုက်စစ် ကစားသမား ၄ ဦးနဲ့ ပွဲထွက်ခဲ့တဲ့ ပြင်သစ်ဟာ ပွဲအစ ၉ မိနစ်မှာပဲ ဩစတြေးလျကို ဦးဆောင်ဂိုး ပေးလိုက်ရလို့ အာဂျင်တီးနား ခြေရာ နင်းမလား ဆိုပြီး ပရိသတ်တွေ စိုးရိမ်ခဲ့ကြ ပါသေးတယ်။

ဒါပေမယ့် ၂၇ မိနစ်မှာ ရာဘီယော့ရဲ့ ချေပဂိုး ပြန်ရပြီးတဲ့ နောက်ပိုင်း ပြင်သစ်ကပဲ တစ်ပွဲလုံး စိုးမိုးသွား နိုင်ခဲ့ပြီး အနိုင်ဂိုးတွေ ဆက်တိုက် သွင်းယူနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ အနိုင်ဂိုး ၂ ဂိုး သွင်းပေးခဲ့တဲ့ ဂျရူးဟာ သီယာရီ အွန်နရီရဲ့ ပြင်သစ် အသင်း သွင်းဂိုး ၅၁ ဂိုး စံချိန်ကို လိုက်မီသွားခဲ့ပြီ ဖြစ်ပါတယ်။

အမ်ဘာပေကတော့ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပြီး ကိုယ်တိုင် ဂိုးတစ်ဂိုး သွင်းနိုင်ခဲ့သလို ဘယ်ခြမ်း တစ်လျှောက် တောက်လျှောက် မွှေနှောက် ကစားနိုင်ခဲ့လို့ ဩစတြေးတို့ ကစားပုံ ပျက်ပြီး ဂိုးတွေ ပေးခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ၅ ကြိမ်မှာ လက်ရှိ ချန်ပီယံတွေ အဖွင့်ပွဲ ၄ ကြိမ် အနိုင်မရခဲ့တဲ့ မှတ်တမ်းဟာ ပြင်သစ် အသင်းကို မခြိမ်းခြောက် နိုင်စေတော့ပါဘူး။

Facebook Comments Box
Facebook Comment