လက်ရှိပုံစံအတိုင်း အသက် ၄၀ အထိ ကစားနိုင်ဦးမည်ဟု လီဝမ်ဒေါစကီး ဆို

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ရောဘတ်လီဝမ်ဒေါစကီးက မိမိ၏ လက်ရှိပုံစံကောင်းကို နောက်ထပ် ဆယ်စုနှစ်တစ်ခုနီးပါးအထိ ဆက်ထိန်းထားနိုင်ဦးမည်ဟုယုံကြည်ပြီး အကောင်းဆုံးခြေစွမ်းဖြင့် ကစားနိုင်ဦးမည်ဟု ပြောကြား လိုက်သည်။

အသက် ၃၂ နှစ်အရွယ် ပိုလန်လက်ရွေးစင် လီဝမ်ဒေါစကီးသည် ယမန်နှစ်ရာသီက ဘွန်ဒက်စ်လီဂါ ၃၄ ဂိုး၊ ချန်ပီယံလိဂ် ၁၅ ဂိုးအပါအဝင် ပြိုင်ပွဲစုံ ၅၅ ဂိုး သွင်းကာ တစ်ရာသီအတွင်း ဘွန်ဒက်စ်လီဂါ၊ ဂျာမန်ပိုကယ်ဖလား၊ ချန်ပီယံလိဂ်စသည့် အဓိကဆုဖလား ၃ လုံး ရယူထားသည်။

၎င်းသည် ဘိုင်ယန်နှင့် စာချုပ်သက်တမ်း ၃ နှစ်ကျန်နေသေးပြီး စာချုပ်ပြည့်ချိန်တွင် ၃၅ နှစ်အရွယ် ရှိနေမည်ဖြစ် သည်။

သို့သော်လည်း လီဝမ်ဒေါစကီးက ဘိုင်ယန်နှင့် စာချုပ်ပြည့်ချိန်တွင် ဘောလုံးလောကကို စွန့်ခွာရန်မရှိသလို လက်ရှိစာချုပ်က နောက်ဆုံးစာချုပ် မဟုတ်ကြောင်းလည်း ပြောသည်။

Sky Sport Germany သတင်းဌာနနှင့် တွေ့ဆုံရာတွင် ၎င်းက “၁၀ နှစ်လား.. ၈ နှစ်လောက်တော့ ဖြစ်နိုင်ပါတယ်။ လက်ရှိစာချုပ်က ကျွန်တော့်ရဲ့နောက်ဆုံးစာချုပ် မဟုတ်ပါဘူး။ နှစ်အများကြီး ဆက်ကစားချင်သေးတယ်။ အောင် မြင်မှုတွေလည်း အများကြီး ထပ်လိုချင်သေးတယ်။ ဘိုင်ယန်က အသင်းဖော်တွေကလည်း ကျွန်တော့်လိုပါပဲ” ဟု ပြောသည်။

Ref:SkySportGermany

Facebook Comments Box
Facebook Comment