ရှေ့မှာ မန်စီးတီးကို စိန်ခေါ်နေတဲ့ ခရီးကြမ်းကြမ်း …

ထွန်းထွန်းဦး(လှိုင်)

ပြန်ကြည့်လိုက်တော့ မန်စီးတီးက ဇယားထိပ်ဆုံးမှာ ၃ မှတ်အသာနဲ့ တစ်ပွဲလျော့ကစားထားကာ ဗိုလ်လုပ်နေပါသတဲ့ ..

ပြိုင်ပွဲက မပြီးသေးပေမယ့် အများကတော့ လတ်တလောမှာ မန်စီးတီး ဖလားပြန်လုပြီး ချန်ပီယံဘွဲ့ကို ပြန်ပြီးတစ်ကျော့ပြန် ဗိုလ်ဝင်ခံသွားမလားဆိုပဲ …

(ပြောမယ့်သာ ပြောနေကြတာပါ၊ ဖေဖော်ဝါရီမှာ သူတို့ အသားကုန် ကြမ်းရမှာတွေ ကျန်နေသေးတယ်)

ပြောလည်းပြောချင်စရာ ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ လူစုံတယ်။ အရန်အင်အားတောင့်တယ်။

ကိုယ့်အလုပ်ကိုယ် သေချာလုပ်ဖြစ်ကြပြီး နိုင်ပွဲတွေ တိတ်တိတ်လေးယူရင်း ပြိုင်ပွဲအစုံမှာ အမှားမရှိအောင် ခရီးဆက်နေခဲ့တာ မနှစ်တုန်းတည်းက ဆိုပါတော့ …

တိတိကျကျပြောရမယ်ဆိုရင် ၂၀၂၀ ရဲ့နိုဝင်ဘာ ၂၂ မှာ စပါးစ်ကို အဝေးကွင်းမှာ ၂-၀ နဲ့ရှုံးပြီးနောက်ပိုင်းက စတယ်လို့ပြောရမယ်။

ပရီးမီးယားပွဲစဉ် ၉ မှာ မန်စီးတီး ရှုံးခဲ့လိုက်ပြီးတည်းက ပြိုင်ပွဲစုံကစားပြီး သူတို့တွေမှာ အရှုံးမရှိတော့ဘူး။

ချန်ပီယံလိဂ်မှာ ပေါ်တိုမြေကိုသွားပြီး ဝ-၀ ကျခဲ့တဲ့ပွဲရယ်၊ ပရီးမီးယားမှာ မန်ချက်စတာ ဒါဘီပွဲနွှဲပြီး အိုးလ်ထရက်ဖို့ဒ်မှာ ဘဲဥမကွဲ ဖြစ်ခဲ့တာရယ်အပြင် အိမ်ကွင်းမှာ ဝက်စ်ဘရွန်းကို ရင်ဆိုင်ရတာတောင် ၁-၁ ဖြစ်ခဲ့တာတွေက အမှတ်တရ သရေပွဲတွေပါပဲ။

အထက်မှာပြောခဲ့သလို စပါးစ်ကို ဂိုးပြတ်နဲ့ရှုံးခဲ့ပြီးနောက်ပိုင်းမှာ မန်စီးတီး ပြန်လာပုံက တော်တော်လေးကို ထိမိတယ်။

တိုက်စစ်တွေသွားတာ ပြန်မိလာတယ်၊ အကောင်းစားမဟုတ်တာတောင် သူတို့ဟန်ပန်တစ်ခုနဲ့ ထိမိအောင် ရှေ့ဆက်နိုင်တယ်။

ပထမအကျော့မှာ အားနည်းခဲ့တာတွေ ပြင်ဆင်ခဲ့နိုင်တာ သိသိသာသာကြီးမဟုတ်ပေမယ့် နိုင်ရမယ့်ပွဲကို အနိမ့်ဆုံး ၁-ဝ၊ ဝ-၁ တော့ ရအောင်ဖြတ်နိုင်ခဲ့ကြတယ်။

ဥပမာပြောရရင် ရုန်းရတာခက်တဲ့ စိန့်၊ ဘရိုက်တန်နဲ့ ရှက်ဖီးတို့လို အသင်းတွေကို မရမကနဲ့ နိုင်အောင်ရုန်းခဲ့ကြတာက မန်စီးတီး ထိပ်ပြန်ရောက်စေမယ့် အချက်တွေထဲက ထည့်ပြောရမယ့် အချက်လိုမျိုးဖြစ်တယ်။

အသင်းကြီးတွေ အချင်းချင်းဆုံတဲ့ပွဲတွေမှာ အမှတ်ယူရမယ်ဆိုတာ မှန်တယ်။

ဒါပေမဲ့ အခြားပွဲတွေမှာလည်း နိုင်သင့်နိုင်ထိုက်တဲ့ပွဲတွေကိုနိုင်အောင် ပြိုင်ဘက်ကို အလဲထိုးနိုင်ရမယ်ဆိုတာကလည်း ချန်ပီယံဖြစ်မယ့်အသင်းတွေထဲမှာ ထည့်ပြောရမယ့် အချက်လိုမျိုး ဖြစ်နေစေတယ်။

ဘာပဲဖြစ်ဖြစ် ဒါကို ဂွါဒီယိုလာက ထိမိအောင် လုပ်ပြနိုင်ခဲ့တာ အားလုံးအတွေ့ပဲဖြစ်တယ်။

အခုရော မန်စီးတီးအနေနဲ့ လက်ထဲမှာရထားတဲ့ အားသာချက်ကို အမှားမရှိအောင် လုပ်ပြနိုင်ခွင့်ရှိနေမှာလားဆိုတာ ကြည့်ချင်စရာဖြစ်လာပြီ။

အခုဆိုရင် စပါးစ်ကို ၂-၀ နဲ့အထိနာပြီးနောက်မှာ မန်စီးတီးဟာ ပြိုင်ပွဲအရပ်ရပ်မှာ အရှုံးမရှိခဲ့တာ ၁၉ ပွဲတောင် ရှိနေတယ်ဆိုပဲ။

ပရီးမီးယားမှာတင် အရှုံးမရှိထားခဲ့တာ ၁၂ ပွဲဆက်တိုက်ရှိနေပြီ။

မန်ယူနိုက်တက်နဲ့ ဝက်စ်ဘရွန်းကို သရေကျခဲ့တဲ့ပွဲကို ဖယ်လိုက်ရင် နိုင်ပွဲချည်း ပရီးမီးယားမှာ ၁၀ ပွဲဆက်နိုင်ထားတယ် ဆိုပါတော့ …

ဒေးဗစ်ဆေးလ်ဗား မရှိတော့တဲ့ဒဏ်ကို ရာသီအစမှာ အကြီးအကျယ် ခံလိုက်ပြီးနောက်ပိုင်းမှာ ဂွါဒီယိုလာဟာ ရှိတဲ့သူတွေနဲ့ ဟန်ပန်တစ်ခုကို ပြန်တည်ဆောက်လာတာ အခုတော့ ထိမိလာတယ်လို့ ဆိုရမယ်။

အဂွဲရိုးမပါလည်း အဆင်ပြေလာတယ်။

အရွယ်လွန်ကစားသမားတွေ ရသလောက်ဘေးချပြီး ကြံ့ခိုင်မှုပြည့်ဝတဲ့ လူငယ်တွေနဲ့ သမ္ဘာရင့် ပရီးမီးယား အတွေ့အကြုံရှိသူတွေကို ပြန်သုံးတယ်။

၄-၂-၃-၁ ကို ထားရစ်ခဲ့လိုက်တယ်။

ဒီဘရိုင်းပခုံးပေါ်မှာ ပိနေတဲ့ဝန်ကို ရသလောက် လျှော့ချပေးတယ်။

ဒီဘရိုင်း ဒဏ်ရာရနေတော့လည်း အခြားသူတွေနဲ့ ဝန်းရံပြီး မန်စီးတီးကို ပုံစံကောင်းမရသေးတာတောင် အဆင်ပြေမယ့် ဂိုးတွေရဖို့ ကစားသမားတွေကြားက ချိတ်ဆက်မှုကို အဆင့်မြှင့်တင်ပေးတယ်။

ပရီးမီးယားက ကြမ်းတယ်၊ အားကြီးတယ်၊ ခွန်အားကို တစ်ပွဲလုံး ချလို့မရဘူး။ မြန်ရမယ်၊ မှန်ရမယ်၊ ဖိအားကို ဖြတ်ကျော်နိုင်မှ အဆင်ပြေမယ်။

ခေါင်းမာနေလို့ မရတဲ့အတွက် နိုင်ရမယ့်ပွဲတွေအတွက် နိုင်ပွဲဆိုတာကို ပုံစံကောင်းထိုးစစ်နဲ့ ပြင်ဆင်ယူနိုင်ဖို့ လိုတယ်။

အခုတော့ မန်စီးတီးအနေနဲ့ ၄-၃-၃ ဟာ ပုံစံဘောင်ထဲရောက်နေပြီးသား ဟန်ဖြစ်နေတာကြောင့် ကစားသမားတွေ လှည့်သုံးနေတာတောင် အရင်တုန်းကထက် ပိုအဆင်ပြေလာတာ ပြောစရာဖြစ်ရစေတယ်။

ဒဏ်ရာရကစားသမားတွေ ပြန်သက်သာလာခြင်းကလည်း မန်စီးတီးအတွက် ကစားသမား ရွေးချယ်ရာမှာ ဂွါဒီယိုလာ ခေါင်းစားသက်သာစေခဲ့တယ်။

ခေါ်ယူထားတဲ့ စပိန်သားတွေက မန်စီးတီး ကစားကွက်တည်ဆောက်ရာမှာ အထောက်အပံ့ဖြစ်စေတာလည်း ပါနေတော့ စနစ်တစ်ခုကို ဂွါဒီယိုလာ ပုံဖော်ရာမှာ မနှစ်တုန်းကလောက် သိပ်ဖိအားမများတော့သလို ဖြစ်လာစေတယ်။

ရိုဒရီ၊ ဖာရန်တောရက်စ်၊ ဘမ်မာဘီ၊ ဂါစီယာစတဲ့ စပိန်ကစားသမားတွေ အပြင် ဖာနန်ဒင်ညို ခံစစ်ဆင်းကူပြီး အရွယ်နဲ့မမျှတဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချလိုက်ကာ လူမှန်နေရာမှန် ပြန်ပေးပြီး ရိုဒရီနဲ့ တစ်လှည့်စီ နေရာပေးနိုင်တာ ဒီရာသီအတွက်တော့ မန်စီးတီးကွင်းလယ်အတွက် ပြန်ကြည့်ကောင်းလာတယ်။

ဒီဘရိုင်းက ဂျိုကာ၊ ဘာနာဒိုဆေးလ်ဗားက အပြောလျှော့ပြီး တိုက်စစ်နဲ့ကွင်းလယ်မှာ ထားရာနေ စေရာသွားနိုင်တော့ မာရက်ဇ်အတွက် တိုက်စစ်လိုက်ပါမှုတွေမှာ ဖိုဒန်လိုမျိုး ချိတ်ဆက်မှုနဲ့ ရုန်းရတဲ့အကန့်တွေမှာ နေရာလွတ်ရှာဖို့ အခွင့်အရေးကောင်းတွေ များလာတယ် မဟုတ်ပါလား။

တစ်ကိုယ်ကောင်းတွေ လျှော့ချရင် မန်စီးတီးတိုက်စစ်က သိပ်မြိုင်တယ်။

ဂျီဆေးလည်းပါလာပြီဖြစ်လို့ တိုက်စစ်ကို အုံနဲ့ကျင်းနဲ့ လိုက်ဖိရာမှာ ဂိုးတွေက အမဲလိုက်ရင်လိုက်သလောက် ပြန်ပြီးမိလာတာ တွေ့ရမယ်။

ပွဲတိုင်းတော့မဟုတ်ပါဘူး။ ဒါပေမဲ့ မန်စီးတီးက သူတို့လိုချင်တာကို အလုပ်နဲ့ တိတ်တိတ်လေး သက်သေပြပြီး ယူပြနေတာ အားရစရာပါ။

ဒီအနေအထားကို မန်စီးတီး ဆက်ထိန်းထားဖို့ လိုတယ်။

ချန်ပီယံပြေးလမ်းပေါ်မှာ ပွဲဆက်တွေများနေတာကြောင့် အသင်းတိုင်းအတွက်တော့ မလွယ်ကူနိုင်သေးဘူး။

လီဗာပူးတောင် ၃ ပွဲစာလောက် အမှတ်တွေ ဖြတ်ချထားနိုင်ပြီးမှ ရလဒ်တွေ အဆင်မသင့်လို့ ဇယားထိပ်ဆုံးကနေ အောက်ပြန်ဆင်းပေးလိုက်ရတာက ရှိနေသေးတော့ မန်စီးတီးအတွက်လည်း ထိပ်ဆုံးမှာမြဲဖို့ဆိုတာ ပြိုင်ဘက်တိုင်းကို အပတ်စဉ်တိုင်းမှာ တွေ့တဲ့ပွဲတိုင်း အမှားမရှိအောင် လုပ်ပြထားနိုင်ဖို့ လိုတယ်။

အခုပဲကြည့် ..

ဖေဖော်ဝါရီလထဲမှာ မန်စီးတီးအနေနဲ့ ရင်ဆိုင်ရမယ့်ပွဲတွေက မနည်းဘူး။

အသင်းကြီးတွေနဲ့ ဆုံရမယ့်ပွဲတွေကလည်း ပါနေတော့ ယူနိုင်ရမယ့် အမှတ်တွေကို ထပ်စုဆောင်းဖို့ လိုတယ်။

ဖေဖော်ဝါရီလ ၄ ရက်မှာဆို သူတို့ ပထမအကျော့မှာ ဂိုးပြတ်နဲ့ အနိုင်ယူ ထားခဲ့တဲ့ ဘန်လေကို အဝေးကွင်းမှာ ပြန်ဆုံမယ်။

ပြီးရင် နောက်ထပ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ လီဗာပူးနဲ့ အဝေးကွင်းမှာ ဆက်ဆွဲရမယ့် ပရီးမီးယားပွဲတွေ ရှိနေတယ်။

မပြီးသေးဘူး၊ တတိယမြောက် အဝေးကွင်းပွဲစဉ်အဖြစ် ဆွမ်ဆီးနဲ့ အက်ဖ်အေပွဲကလည်း ဖေဖော်ဝါရီလ ၁၁ ရက်မှာ ဆက်ကစားရမှာဆိုတော့ မန်စီးတီးအတွက် ပွဲဆက်တွေက ခက်နေတယ်ဆိုရမယ်။

အဲ့ဒါအပြင် ဖေဖော်ဝါရီလ ၁၄ ရက်မှာ စပါးစ်နဲ့ အိမ်ကွင်းပွဲကလည်း အသက်လိုဖြစ်နေတော့ ဖေဖော်ဝါရီလ ၂၁ ရက်မှာ အာဆင်နယ်နဲ့ အဝေးကွင်းပွဲနွဲှရမယ့်ပွဲ မရောက်ခင်မှာ စပါးစ်နဲ့ပွဲကို လိုချင်တာယူနိုင်ဖို့၊ အမှတ်ဖြတ်ချထားဖို့ လိုတယ်။

လုပ်နိုင်ပါ့မလား။ ဒီနေရာမှာ လန်ဒန်ကလပ် ၂ သင်းကို မန်စီးတီးအဖို့ အားကုန်ရုန်းပြီး ရင်ဆိုင်ရမယ့်ပွဲ ဖြစ်နေတယ်။

အဲ့ဒါပြီးရင် မွန်ချင်ဂလာဘတ်နဲ့ ချန်ပီယံလိဂ်ပွဲ ဆက်ဆွဲရဖို့ရှိနေသလို အဲ့ဒီက အပြန်မှာလည်း ဝက်စ်ဟမ်းနဲ့ ယူနိုက်တက်ကို အိမ်ကွင်းမှာ ရက်ပိုင်းသာခြားပြီး ဧည့်ခံရမယ့် ပရီးမီးယားလိဂ်ပွဲတွေက ကျန်နေသေးတော့ မန်စီးတီးအတွက် ဖေဖော်ဝါရီမှာ ချန်ပီယံလမ်းကြမ်းတွေကို အကြီးကြီးဖြတ်သန်းရဖို့ ရှိနေတယ်ဆိုတာ ပြောဖြစ်တယ်။

ဖေဖော်ဝါရီနဲ့ မတ်လအစပ်နားကို မန်စီးတီး အကောင်းစားအနေအထားနဲ့ ပန်းဝင်ခဲ့မယ်ဆိုရင် မျှော်နေတာလေးတစ်ခုက အနီးစပ်ဆုံးနားမှာ ပေါ်လာဖို့ ရှိနေလိမ့်မယ်ဆိုတာ မန်စီးတီးကို အားပေးသူတွေအဖို့တော့ ရင်ခုန်ချင်စရာ ….

Facebook Comments Box
Facebook Comment