ရှက်တာရှုံးပွဲအပြီး ရီးရဲလ် အဝတ်လဲခန်းအတွင်းသို့ ပီရက်ဇ် လာရောက်ခဲ့

လာလီဂါချန်ပီယံ ရီးရဲလ်မက်ဒရစ်သည် လတ်တလောကာလတွင် အိမ်ကွင်း ၂ ပွဲဆက်တိုက် ရှုံးနိမ့်ထားရာ နည်းပြဇီဒန်းအတွက် ဖိအားများပြားလာပြီဟု မီဒီယာများက သုံးသပ်လျက်ရှိသည်။

စနေညက အိမ်ကွင်း ဘာနေဗျူးတွင် တန်းတက်ကာဒစ်ဇ်ကို အရေးနိမ့်ခဲ့သော ရီးရဲလ်သည် ယမန်နေ့ညက ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်အဖြစ် ရှက်တာဒိုးနက်နှင့် ကစားသော အိမ်ကွင်းပွဲတွင်လည်း ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ချန်ပီယံလိဂ်တွင် ၁၃ ကြိမ်ဗိုလ်စွဲကာ အအောင်မြင်ဆုံး အသင်းအဖြစ် မှတ် တမ်းကောင်း စိုက်ထူထားသော ရီးရဲလ်သည် ပထမပိုင်းမှာပင် ၃ ဂိုးပြတ် ရှုံးနိမ့်နေခဲ့ပြီး ဒုတိယပိုင်း ပြန်အစ ၁၄ မိနစ်အတွင်း ၂ ဂိုးပြန်လိုက်သွင်းသော်လည်း လက်ကျန် မိနစ် ၃၀ ကျော်အတွင်း ချေပဂိုး မသွင်းနိုင်သောကြောင့် ပြိုင်ပွဲစုံ ၂ ပွဲဆက် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

ရှက်တာဒိုးနက်အား ရှုံးနိမ့်ပြီးနောက် ရီးရဲလ်ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ် သည် ဘာနေဗျူးကွင်းအတွင်းရှိ အသင်းအဝတ်လဲခန်းအတွင်း ရောက်ရှိလာခဲ့ပြီး ၃ မိနစ်ခန့် စကားပြောခဲ့သည်ဟု စပိန်မီဒီယာများက ဖော်ပြသည်။

ပီရက်ဇ်အနေဖြင့် အဝတ်လဲခန်းအတွင်း လာရောက်လေ့မရှိရာ ယခုလို ကြို တင်အသိမပေးဘဲ ရောက်ရှိလာခြင်းက ထူးဆန်းသလို ဖြစ်နေကြောင်းလည်း မီဒီယာများက သုံးသပ်လျက်ရှိသည်။

ပီရက်ဇ် ရောက်ရှိလာသည့် ၃ မိနစ်အတွင်း နည်းပြ ဇီဒန်းအပြင် ကစားသမားများနှင့် စကားပြောဆိုမှုများ ရှိခဲ့သော်လည်း အတိုက်အခံ ဖြစ်စေသည့် စကားမျိုး ပြောကြားခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။

သို့သော်လည်း အဝတ်လဲခန်းအတွင်း ပီရက်ဇ် ရောက်ရှိလာခြင်းက ဇီဒန်း၏ အနာဂတ်အပေါ် ရိုက်ခတ်မှု ရှိလာနိုင်သည်ဟု စပိန် အားကစားသတင်းစာ အေအက်စ်က ဖော်ပြသည်။

Ref:AS

Facebook Comments Box
Facebook Comment