ရှက်တာမှာ အတောင့်တင်းဆုံး ပြိုင်ဘက်ဟု အင်တာ အသင်းခေါင်းဆောင် သတိပေး

အင်တာမီလန်ဂိုးသမားနှင့် အသင်းခေါင်းဆောင် ဆာမာဟန်ဒါနိုဗစ်က ယနေ့ညတွင် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဖြစ် ရင်ဆိုင်ကစားရမည့် ရှက်တာဒိုးနက်စ်မှာ မိမိတို့ ရင်ဆိုင်ကစားခဲ့သည့် ယူရိုပါလိဂ်ပြိုင်ဘက်များထက် ပိုမိုတောင့်တင်းသည့်အသင်းဖြစ်ကြောင်း ပြောကြားလိုက်သည်။

အင်တာမီလန်သည် ယနေ့ညတွင် ဒူဆယ်ဒေါ့၌ ယူကရိန်းထိပ်သီးရှက်တာဒိုးနက်စ်နှင့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ် ရင်ဆိုင်ကစားသွားရပါမည်။ ယင်းပွဲစဉ်မှ အနိုင်ရရှိသည့်အသင်းမှာ ဗိုလ်လုပွဲတွင် ဆီဗီလာနှင့်ရင်ဆိုင်ကစားရမည်။

ဟန်ဒါနိုဗစ်က‘‘တစ်ပွဲပြီးတစ်ပြီး အဆင့်က မြင့်သထက်မြင့်လာပါတယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ နောက်ဆုံးပွဲတုန်းကထက် ခြေစွမ်း ပိုကောင်းလာဖို့ လိုပါတယ်။ ရှက်တာက ကျွန်တော်တို့ ရင်ဆိုင်ခဲ့တဲ့ အခြားအသင်းတွေထက် ခြေတစ်လှမ်းသာနေတဲ့ အသင်းဖြစ်ပါတယ်။ ပြီးတော့ ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ ရင်ဆိုင်ခဲ့တဲ့အသင်းတွေထဲမှာ အတောင့်တင်းဆုံး ဖြစ်ပါတယ်။ ကျွန်တော်တို့မှာလည်း အရည်အချင်းရှိတဲ့အသင်းတစ်သင်း ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ သတ္တိရှိရှိ ကျစ်ကျစ်လစ်လစ်နဲ့ ရှက်တာဒိုးနက်စ်ရဲ့ကောင်းမွန်မှုကို ရင်ဆိုင်သွားရပါမယ်”ဟု ပြောကြားသွားသည်။

ဂျူဗင်တပ်နှင့်ချဲလ်ဆီးနည်းပြဟောင်းကွန်တီဦးဆောင်နေသည့် အင်တာမီလန်သည် ယခုရာသီ၌ စီးရီးအေတွင် ရမှတ် ၈၂ မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့ကာ ကိုပါအီတာလီယာတွင် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သလို ယူရိုပါလိဂ်တွင်လည်း ဆီမီးဖိုင်နယ်သို့ တက်ရောက်ထားသည်။

Facebook Comments Box
Facebook Comment