ရှက်တာကို ဂိုးပြတ်အနိုင်ယူပြီး ဆီဗီလာနဲ့ ဗိုလ်လုမယ့် အင်တာ

ယမန်နေ့ညက ဂျာမနီနိုင်ငံ၊ ဒူဆယ်ဒေါ့ဖ်မြို့မှာပြုလုပ်ခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အင်တာမီလန်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အသာမရပေမယ့်လည်း ရရှိလာတဲ့အခွင့်အရေးတွေကို အကောင်းဆုံးအသုံးချနိုင်တာကြောင့် ယူကရိန်းကလပ် ရှက်တာဒိုးနက်ကို ၅ ဂိုးပြတ်အနိုင်ယူကာ ၂၀၁၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အဓိကဆုဖလားတစ်လုံးရယူနိုင်မယ့်အခွင့်အရေး ရရှိခဲ့ပါတယ်။


အင်တာနည်းပြကွန်တီဟာ တိုက်စစ်မှာ လူကာကူနဲ့လော်တာရိုမာတီနက်ဇ်တို့ကို တင်ကစားခဲ့ပြီး အက်ရ်ှလေယန်း၊ ဘာရယ်လာ၊ ဂိုဒင်၊ ဒီအမ်ဘရိုစီယိုတို့နဲ့ လူစုံထုတ်ကစားခဲ့ပါတယ်။


ရှက်တာဒိုးနက်ဟာ ဘောလုံးပိုင်ဆိုင်မှု ၆၃ ရာခိုင်နှုန်းအထိရရှိခဲ့ပြီး အင်တာကို ဖိအားပေးနိုင်ခဲ့ပေမယ့်လည်း အဆုံးသတ်ပိုင်းညံ့ဖျင်းခဲ့သလို တိုက်စစ်မှူ း မိုရာအက်စ် အနီးကပ်ခေါင်းတိုက်သွင်းတဲ့တစ်လုံးသာ တစ်ကြိမ်တည်းသော ဂိုးပေါက်တည့်မှုဖြစ်ပါတယ်။


အင်တာဟာ တောင်ပံတွေကရော၊ ကွင်းလယ်ကပါ နေရာစုံက ထိုးဖောက်ခဲ့ပြီး ဘောလုံးအပျက်နည်းတာကြောင့် တိုက်စစ်က ထိရောက်မှုရှိခဲ့ပါတယ်။ ၁၉ မိနစ်မှာ ဘာရယ်လာရဲ့ ဖြတ်တင်ဘောကနေ တိုက်စစ်မှူ း မာတီနက်ဇ်က ဂိုးသမားပျာတော့ဗ်ရဲ့ ညာဖက်ထောင့်ထဲ ခေါင်းတိုက်ကာ အဖွင့်ဂိုးသွင်းယူခဲ့သလို ၆၄ မိနစ်မှာလည်း ထောင့်ကန်ဘောကတစ်ဆင့် ကွင်းလယ်လူ ဒီအမ်ဘရိုစီယိုက ခေါင်းတိုက်ကာ ဒုတိယဂိုးသွင်းယူခဲ့ပါတယ်။


ရှက်တာဟာ ၂ ဂိုးရှုံးချိန်အထိ ဖိကစားနေပေမယ့်လည်း အမှားအယွင်းများခဲ့ပြီး အင်တာအတွက် နောက်ထပ်ဂိုးတွေကို မာတီနက်ဇ်(၇၄)၊ လူကာကူ(၇၈၊ ၈၃)တို့က သွင်းယူခဲ့တာပါ။


မန်ယူကနေ အင်တာစံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း ၈၀ နဲ့ပြောင်းရွှေ့လာတဲ့ လူကာကူဟာ ယူရိုပါလိဂ် ၁၀ ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့သလို ဒီရာသီပြိုင်ပွဲစုံသွင်းဂိုးက ၃၃ ဂိုးအထိရှိကာ ၁၉၉၇-၁၉၉၈ ရာသီက ဘရာဇီးလ်တိုက်စစ်မှူ း ရော်နယ်ဒိုရဲ့ အင်တာကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ ၃၄ ဂိုးသွင်းတဲ့စံချိန်ကိုမီဖို့ ၁ ဂိုးသာလိုပါတော့တယ်။

အခုရလဒ်ဟာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်တွေအနက် ဂိုးအပြတ်ဆုံးပွဲစဉ်တစ်ခုဖြစ်ခဲ့ပြီး အင်တာဟာ မန်ယူကို ကျော်ဖြတ်လာတဲ့ ဆီဗီလာအသင်းနဲ့ ဗိုလ်လုပွဲကစားရမှာပါ။


အင်တာမီလန် လူစာရင်း
ဟန်ဒါနိုဗစ်၊ ဂိုဒင်၊ ဒီဗရစ်၊ ဘက်စတိုနီ၊ ဒီအမ်ဘရိုစီယို(မော့ဆက်စ်-၈၁)၊ အက်ရ်ှလေယန်း(ဘီရာဂီ- ၆၆)၊ ဘရိုဇိုဗစ်(ဆန်စီ-၈၅)၊ ဂက်လီယာဒီနီ၊ ဘာရယ်လာ၊ လူကာကူ(အက်စပိုစီတို-၈၅)၊ မာတီနက်ဇ် (အဲရစ်ဆင်-၈၁)


ရှက်တာဒိုးနက် လူစာရင်း
ပျာတော့ဗ်၊ ဒိုဒို၊ ခရိုင်ဆော့ဗ်၊ ခိုချိုလာဗာ၊ မက်ဗီယန်ကို၊ အန်တိုနီယို၊ စတီပါနန်ကို၊ မာလော့စ်(ကိုနို ပလန်ကာ-၇၅)၊ အလန်ပက်ထရစ်(ဆော်လမွန်-၅၉)၊ တိုင်ဆန်၊ မိုရာအက်စ်

Facebook Comments Box
Facebook Comment