ရွှေဘောလုံးဆုက ဟာလန်းအတွက်လား

Ballon d’Or
ဘောလုံးသမားတိုင်း
လိုချင်တပ်မက်ကြတဲ့
တဦးချင်းဆိုင်ရာ အမြင့်မားဆုံး
ဆုတခု။ ထိပ်သီးတိုင်း
ရပြီးရင်း ရချင်နေတဲ့ ဆု။
ရွှေဘောလုံးဆုလို့
အလွယ်သိကြတာပေါ့။

၂၀၂၃ အတွက် ပေးအပ်မယ့်
ရွှေဘောလုံးဆုအတွက်
အားလုံးတစ်ပေးထားကြတာက
လီယွန်နယ်မက်ဆီ။
အားလုံးသိတဲ့အတိုင်း
မက်ဆီက ၂၀၂၂ မှာ
ကမ္ဘာ့ဖလားကြီးကို ရယူထားတော့
ရွှေဘောလုံးဆုကို ၈ ကြိမ်မြောက်
ရယူဖို့ ဖိတ်စာတခြမ်း
ရိုက်ထားပြီးသား။

အာဂျင်တီးနားကို
ကမ္ဘာ့စင်မြင့်ထက် တက်လှမ်းနိုင်အောင်
အကောင်းဆုံး ဦးဆောင်ခဲ့တဲ့
မက်ဆီရဲ့ အစွမ်းကလည်း
အားလုံးကို အထင်ကြီးပြီးရင်း
ကြီးစေခဲ့တာပေါ့။ ဒါတွေက
မက်ဆီရဲ့ နိုင်ငံအသင်း မျက်နှာစာပါ။
ကလပ်အသင်းဘက်မှာတော့
သူ့ရဲ့ အနေအထားက ပြောင်းပြန်။

ဒီရာသီမှာ ပီအက်စ်ဂျီရဲ့ အနေအထားက
မလှပဘူး။ ပြင်သစ်လီဂူးမှာ
ဗိုလ်စွဲဖို့ အခြေအနေကောင်းနေတယ်။
ပြိုင်ပွဲပြီးဆုံးဖို့ ၄ ပွဲအလိုမှာ
ဒုတိယနေရာက လန်းစ်ကို ၆ မှတ်
ဖြတ်ထားတယ်။ ပြင်သစ်ဖလားမှာတော့
၁၆ သင်းအဆင့်က ထွက်ခဲ့ရတယ်။
ချန်ပီယံလိဂ်မှာလည်း ဘိုင်ယန်ကိုရှုံးပြီး
၁၆ သင်းအဆင့်ကတင်
အောင်ဖျာလိပ်ခဲ့ရတယ်။

ဥရောပစစ်မျက်နှာက ထွက်ခဲ့ရတာက
ပီအက်စ်ဂျီအတွက်ရော၊ မက်ဆီအတွက်ပါ
ကောင်းတဲ့လက္ခဏာ မဟုတ်ခဲ့ဘူး။
အထူးသဖြင့် ရွှေဘောလုံးဆုကို
ရယူမယ်လို့ တစ်ပြေးနေတဲ့ အာဂျင်တိုင်းသား
အတွက်ပေါ့။ ကမ္ဘာ့ဖလား၊ ပြင်သစ်လီဂူး
တို့လောက်နဲ့ဆို ရနိုင်ပေမယ့် ခက်တာက
တရာသီလုံးစာ စွမ်းဆောင်ရည်ပဲ။
မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီ
အတွက် ၃၇ ပွဲကစားထားပြီး
ဂိုး ၂၀ သွင်းကာ ၁၉ ဂိုး
ဖန်တီးပေးထားတယ်။

ကောင်းမွန်တဲ့ စွမ်းဆောင်မှုပါ။
ဒါပေမဲ့ မက်ဆီ စွမ်းဆောင်ထားတာထက်
နှစ်ဆကျော် ပိုလုပ်ထားတဲ့ လူငယ်လေး
တယောက်ကြောင့် ရွှေဘောလုံးဆု
တိုက်ပွဲက ပိုပြင်းထန်လာပါပြီ။
အားလုံးသိတဲ့အတိုင်း အာလင်းဟာလန်းပေါ့။
နော်ဝေက ကမ္ဘာ့ဖလားခြေစစ်ပွဲ
မအောင်ပေမယ့် ကလပ်မျက်နှာစာမှာ
သူလုပ်ပြထားတာတွေက အရွယ်နဲ့မလိုက်။

အင်္ဂလန်ကို စတင်ခြေချတဲ့နှစ်မှာပဲ
ပရီးမီးယားလိဂ် ဂိုးသွင်းစံချိန်ကို
ချိုးဖျက်ခဲ့တယ်။ ပြိုင်ပွဲစုံ ၅၁ ဂိုးသွင်းပြီး
ဖလား ၃ လုံးလမ်းကြောင်းပေါ်
လျှောက်နေတယ်။ သူ့ခြေထောက်နဲ့
ဘောလုံးထိလိုက်တိုင်း ဂိုးသွင်းတော့မယ်ဆိုတဲ့
ယုံကြည်ချက်က ဂွါဒီယိုလာဆီမှာသာ
မဟုတ်ဘူး။ မန်စီးတီးနဲ့ ပတ်သက်သူတိုင်းမှာ
ရှိနေတာ။

လေ့လာသူတွေကလည်း ပရီးမီးယားလိဂ်နဲ့
ချန်ပီယံလိဂ်တို့ကို ရနိုင်ရင်ပဲ ရွှေဘောလုံးဆု
လားရာက အာဂျင်တီးနားဘက်ကနေ
နော်ဝေဆီကို လှည့်လာနိုင်တယ်တဲ့။
ပရိသတ်အချင်းချင်းကြားမှာတော့
လေကန်စရာတွေတော့ ဖြစ်နေတာပေါ့။
ဒီနေရာမှာ ၁၉၈၇ ရွှေဘောလုံးဆုပိုင်ရှင်
နယ်သာလန်ဂန္ထဝင် ရုဒ်ဂူးလစ်ရဲ့
မှတ်ချက်က တော်တော်လေး
ရိုက်ခတ်သွားတယ်။

“ဒါက အရမ်းစိတ်ဝင်စားစရာကောင်းတယ်။
ဟာလန်းသာ မန်စီးတီးနဲ့ ချန်ပီယံလိဂ်
ရယူခဲ့ရင် ရွှေဘောလုံးဆုကို
သူ ရယူသွားနိုင်တယ်။ ရွှေဘောလုံးဆု
တိုက်ပွဲမှာ ဟာလန်းက အရမ်းကောင်းတဲ့
ပြိုင်ဘက်ကောင်း ဖြစ်လာလိမ့်မယ်။
အဲဒါက လုံးဝ သေချာတယ်”

ဂူလစ်ရဲ့ သုံးသပ်ချက်ကို
ဘယ်လို မြင်ပါသလဲ

Facebook Comments Box
Facebook Comment