ရော်နယ်ဒို၊ ဖာနန်ဒက်စ်တို့ကဲ့သို့ ခန္ဓာကိုယ် တောင့်တင်းလာအောင် ဗန်ဒီဘိခ်ကို ယူနိုက်တက် လုပ်ဆောင်သွားမည်

မန်ချက်စတာယူနိုက်တက်သည် ကစားသမားသစ် ဒွန်နီဗန်ဒီဘိခ်ကို ခန္ဓာကိုယ် ကြံ့ခိုင်တောင့်တင်းလာအောင် လုပ်ဆောင်သွားရန် စီစဉ်နေကြောင်း သိရသည်။ ယူနိုက်တက်သည် နွေရာသီတွင် အေဂျက်စ်မှ ရောက်လာသည့် နယ်သာလန်လက် ရွေးစင်၏ ကြံ့ခိုင်မှုအပေါ် အားရကျေနပ်ခြင်း ရှိနေသော်လည်း ပရီးမီးယားလိဂ်၏ ကြံ့ခိုင်မှုအသားပေး ကစားဟန်ကြောင့် လာမည့်လများအတွင်းတွင် ကြွက်သားများ ပိုမိုသန်မာလာရေးအတွက် လုပ်ဆောင်သွားရန် စီစဉ်နေခြင်းလည်း ဖြစ်သည်။

ယူနိုက်တက်က ဗန်ဒီဘိခ်အနေဖြင့် ကြွက်သားများ ရှိသင့်ရှိထိုက်သည့် နေရာများတွင် ရှိလာပါက တောင့်တင်းသည် ပြိုင်ဘက်များနှင့် ပိုမို ထိပ်တိုက် ရင်ဆိုင်နိုင်မည်ဟု ယုံကြည်နေသည်။

၎င်းတို့သည် ယခုနှစ် အစောပိုင်းတုန်းကလည်း ဘရူနိုဖာနန်ဒက်စ်ကို ခန္ဓာကိုယ် တောင့်တင်းပြီး သန်စွမ်းလာအောင် လုပ်ဆောင်ခဲ့သလို လွန်ခဲ့သည့်နှစ်များစွာ တုန်းကလည်း ခရစ္စတီယာနိုရော်နယ်ဒိုကို ပြုလုပ်ခဲ့ဖူးသည်။ ဒါ့အပြင် ဂျက်စ်ဆီ လင်ဂတ်ကိုလည်း ကိုဗစ်ကြောင့် ပွဲများ ရပ်နားထားစဉ်အတွင်း ကြွက်သားများ ကြီးထွားလာအောင် လုပ်ဆောင်ထားသည်။

ဒတ်ချ်ကစားသမားသည် ယူနိုက်တက်တွင် လေ့ကျင့်ခန်း အစီအစဉ်များအား အားသရော လုပ်ဆောင်သူဖြစ်ပြီး ကစားဖော်၊ နည်းပြအဖွဲ့ဝင်များနှင့် လိုက်လျော ညီထွေစွာ နေထိုင်နိုင်သူအဖြစ် သတ်မှတ်ခြင်း ခံထားရသည်။

အသက် ၂၃ နှစ်ရှိ ကစားသမားသည် ယူနိုက်တက်၏ ပရီးမီးယားလိဂ်ပွဲ သုံးပွဲလုံးတွင် ပွဲထွက်ခွင့် မရဘဲ အရန်အဖြ်စသာ ကစားခွင့် ရရှိထားသည်။ သို့ရာတွင် သူသည် ကာရာဘောင်းဖလားနှစ်ပွဲလုံးတွင် ပွဲထွက်ကစားထားသည်။

ဗန်ဒီဘိခ်သည် မနေ့ညတုန်းက အီတလီနှင့် တစ်ဂိုးစီသရေကျသည့်ပွဲတွင် နယ်သာလန်အတွက် ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့သည်။

Facebook Comments Box
Facebook Comment