ရော်နယ်ဒိုအတွက် ပီအက်စ်ဂျီက ကုန်ကျခံနိုင်ဟု လီယိုနာဒို ဖွင့်ဟ

ပီအက်စ်ဂျီ အားကစားဒါရိုက်တာ လီယိုနာဒိုက ဂျူဗင်တပ်စ် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို ခေါ်ယူရန် တတ်နိုင်သည့် အနည်းငယ်သော ကလပ်များထဲတွင် မိမိတို့အသင်းလည်း ပါဝင်ပြီး တစ်ခါတရံ ထူးခြားဆန်းပြားသော အဖြစ်အပျက်များ ဖြစ်ပေါ်လာတတ်သည်ဟု ပြောသည်။

အသက် ၃၅ နှစ်အရွယ် ရော်နယ်ဒိုသည် တူရင်အခြေစိုက် ကလပ်နှင့်အတူ ၂၀၂၂ ခုနှစ်၊ ဇွန်လအထိ စာချုပ်ထားပြီး စာချုပ်ပြည့်သည်အထိ ကစားပါက ၎င်း၏အသက်က ၃၇ နှစ် ရှိနေမည်ဖြစ်သည်။

မီလန်အခြေစိုက် ကလပ်နှစ်သင်းအား ကိုင်တွယ်ဖူးသော အသက် ၅၁ နှစ်အရွယ် ၁၉၉၄ ကမ္ဘာ့ဖလား ချန်ပီယံ ဘရာဇီးလ် လက်ရွေးစင်ဟောင်း လီယိုနာဒိုက အင်တာဗျူးတစ်ခုတွင် ရော်နယ်ဒိုအား ခေါ်ယူရန် အစီအစဉ် ရှိ၊ မရှိဆိုသော မေးခွန်းအား ယတိပြတ်ငြင်းဆိုခြင်း မရှိပေ။

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ၅ ဆုရှင် ရော်နယ်ဒိုသည် ဂျူဗင်တပ်စ်နှင့်အတူ စီးရီးအေဖလား ၂ လုံး၊ အီတလီစူပါဖလား ၁ လုံး ဆွတ်ခူးထားပြီး ယခုရာသီ စီးရီးအေ ၄ ပွဲတွင် ၆ ဂိုး သွင်းယူထားသည်။

ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒိုသည် ဂျူဗင်တပ်စ်၏ အဓိက ဂိုးသွင်းစက်ဟု သတ်မှတ်ခံထားရသော်လည်း တူရင်အခြေစိုက် ကလပ်က တစ်နှစ်လစာ ပေါင် ၂၈ သန်း ပေးနေရသည့် ၎င်း၏ လစာဝန်ထုပ်ကို လျှော့ချရန်အတွက် ၂၀၂၁ နွေရာသီ တွင် ပြန်လည်ရောင်းချဖွယ် ရှိနေသည်ဆိုသော သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

လီယိုနာဒိုက “အပြောင်းအရွှေ့မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်တို့လည်း မသိပါဘူး။ ဘယ်သူ သိနိုင်မလဲ။ တစ်နေ့ သူအိပ်ရာက နိုးလာတဲ့အချိန်မှာ ငါ တခြားကလပ်မှာ ကစားချင်တယ်လို့ ပြောနိုင်တာပဲ။

နောက်ပြီး သူ့ကို ခေါ်နိုင်တဲ့အသင်းက ဘယ်နှစ်သင်းရှိလို့လဲ။ ၄ သင်း၊ ၅ သင်း၊ ၆ သင်း ဒါမှမဟုတ် ၇ သင်းလား။ ပီအက်စ်ဂျီက သူ့ကိုခေါ်ယူနိုင်တဲ့ အနည်းငယ်သော ကလပ်တွေထဲက တစ်သင်းဖြစ်ပါတယ်။ လက်ရှိအနေအခြေက အရမ်းကို ရှုပ်ထွေးနေပါတယ်။

ဒါပေမဲ့ အပြောင်းအရွှေ့ဈေးကွက်က အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်။ တစ်ခါတလေကျရင် သာမန်ထက် ထူးခြားတဲ့ အဖြစ်အပျက်တွေက ပေါ်ပေါက်လာတတ်ပါတယ်” ဟု ပြောသည်။

Ref:PSG

Facebook Comments Box
Facebook Comment