ရော်နယ်ဒိုမှာ လေ့ကျင့်ရေးကွင်းသို့ အစောဆုံးလာပြီး နောက်ဆုံးမှ ပြန်သူဟု ပီယာလို ပြောကြား

အင်ဒရေပီယာလိုသည် ရာသီအစ ခရစ္စတီယာနိုရော်နယ်ဒို၏ ခြေစွမ်းအပေါ် ကျေနပ် အားရလျက်ရှိပြီး ဆက်လက်၍ အကောင်းဆုံးပုံစံဖြင့် ကစားနိုင်ရန် မျှော်လင့်နေသည်။

ခရစ္စတီယာနိုရော်နယ်ဒိုသည် စီးရီးအေအဖွင့်ပွဲ ၂ ပွဲတွင် ၃ ဂိုးသွင်းယူကာ ၁ ကြိမ် ဖန်တီးထားပြီး ဂျူဗင်တပ်ကို ရမှတ် ၄ မှတ် ရရှိအောင် အဓိကနေရာ ကူညီထားသည်။

ဂျူဗင်တပ်သည် ယနေ့ညတွင် နာပိုလီနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ပီယာလိုသည် ယင်းပွဲတွင်လည်း ခရစ္စတီယာနိုရော်နယ်ဒို ဂိုးများ သွင်းယူနိုင်ရန် မျှော်လင့်နေသည်။

ပီယာလိုက “ရော်နယ်ဒိုက အလုပ်အရမ်းကြိုးစားတယ်။ သူက လေ့ကျင့်ရေးကွင်းသို့ အဦးဆုံးရောက်ပြီး နောက်ဆုံးမှ အိမ်ပြန်တဲ့ သူပါ။ ပွဲတိုင်း သူ တစ်ဂိုး (သို့မဟုတ်) နှစ်ဂိုး သွင်းနိုင်ဖို့ ဆုတောင်းပါတယ်။ ကျွန်တော်တို့အတွက် သူက အရမ်းအရေးကြီးတဲ့သူပါ။ ရိုးမားနဲ့ပွဲမှာတုန်းက ကျွန်တော်တို့ တစ်ယောက် လျှော့သွားတဲ့အချိန်မှာ သူဟာ ပွဲပြီးတဲ့အထိ အများကြီး ကူညီခဲ့ပါတယ်။ သူက လူတိုင်းအတွက် စံနမူနာယူသင့်တဲ့ ကစားသမား ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

ခရစ္စတီယာနိုရော်နယ်ဒို၏ ဂျူဗင်တပ်သည် ချန်ပီယံအုပ်စု (ဆ)တွင် လီယွန်နယ်မက်ဆီ၏ဘာစီလိုနာ၊ ဒိုင်နမိုကိဗ်၊ ဖီရင်ဗာရို့စ်တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။

ပီယာလိုက လာမည့် အောက်တိုဘာလ ၂၀ ရက်နေ့တွင် ကိဗ်သို့ သွားရောက် ကစားရမည့်ပွဲမှာ အလွန်အရေးပါသည့်ပွဲဖြစ်ကြောင်း ပြောကြားလိုက်သည်။ ဂျူဗင်တပ်သည် ၁၉၉၆ ခုနှစ် နောက်ပိုင်းတွင် ချန်ပီယံလိဂ်ဖလားနှင့် ဝေးကွာလာခဲ့သည်။

ပီယာလိုက “အရမ်းကောင်းတဲ့ အုပ်စုထဲမှာ ကျွန်တော်တို့ ကျရောက်နေပါတယ်။ ဘာစီလိုနာနဲ့ ရင်ဆိုင်ရတာ ကောင်းပါတယ်။ ဒီပွဲကြောင့် ကျွန်တော်တို့ကစားသမားတွေအပေါ် လူတွေ အာရုံစိုက်လာသလို ကစားသမားတွေရဲ့ တုံ့ပြန်မှုတွေလည်း အများကြီး မြင်လာရပါမယ်။ ပွဲတွေ အများကြီး ကစားရပါမယ်။ ဒါပေမယ့် ကိဗ်မှာ ပထမဆုံးပွဲကစားရတာ ကောင်းတယ်လို့ ထင်တယ်။ ဒီဇင်ဘာလထက် အောက်တိုဘာလမှာ အအေးပေါ့ပါတယ်။ ဒီတော့ နှင်းတောထဲမှာ မကစားရဖို့ မျှော်လင့်လို့ ရပါတယ်”ဟု ပြောကြားခဲ့သည်။

ယနေ့ညတွင် ဂျူဗင်တပ်နှင့် ရင်ဆိုင်ရမည့် နာပိုလီအသင်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများ ရှိနေသော်လည်း ဆက်ကစားသွားမည် ဖြစ်သည်။ နာပိုလီသည် ပြီးခဲ့သည့်အပတ်က ဂျီနိုအာနှင့် ရင်ဆိုင်ခဲ့ရာ ၆-၀ ဂိုးဖြင့် အနို်ငရရှိခဲ့သည်။ ယင်းပွဲအပြီး နောက်တစ်ရက်အကြာတွင် ဂျီနိုအာအသင်းတွင် ကစားသမားနှင့် နည်းပြအဖွဲ့ဝင် ၁၄ ဦးအထိ ကိုဗစ်ကူးစက်ခံထားရကြောင်း တွေ့ရှိရရာ နာပိုလီအတွက် စိုးရိမ်စရာ အနေအထားတွင် ရှိခဲ့သည်။ နာပိုလီသည် အသင်းကို ကိုဗစ်စစ်ဆေးမှု ပြုလုပ်ခဲ့ရာ ပထမအသုတ်တွင် ကူးစက်ခံရသူ မရှိကြောင်း ကြေညာခဲ့သော်လည်း နောက်ပိုင်းတွင် ကစားသမားနှစ်ဦးတွင် ကူးစက်ခံထားရကြောင်း ကြေညာထားသည်။

Facebook Comments Box
Facebook Comment